16 w - Translate

#ပြည်တွင်းသတင်း
◼ချန်းရိဖိနပ်စက်ရုံမှအလုပ်သမားများတောင်းဆိုသည့်လုပ်ခကြေး အလုပ်ရှင်နှင့်သဘောတူညီမှုရ
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်(အနောက်ပိုင်း)၊ အနော်ရထာစက်မှုဇုန်၊ ဆိပ်ကမ်းသာလမ်းရှိ ချန်းရိ (Tsang Yih) ဖိနပ်စက်ရုံမှ အလုပ်သမား ၆၀၀၀ ကျော်တောင်းဆိုထားသည့် လုပ်ခလစာတိုးမြှင့်ပေးရေးတောင်းဆိုမှုများကို အလုပ်ရှင်ဘက်မှလိုက်လျောသဘောတူညီခဲ့ကြောင်း ယင်းစက်ရုံရှိ အလုပ်သမားများထံမှသိရသည်။
"စက်ရုံဘက်ကလိုက်လျောမှုပေးတာကတော့ ဒေးကြေး ၅၂၀၀ ကနေ ၆၀၀ တိုးပေးလိုက်တယ်။ ထောက်ပံကြေး ၃၈၀၀ ကျပ်၊ အစိုးရထောက်ပံ့ကြေး ၂၀၀၀ ကျပ်၊ ဆန်ဖိုး/ဆီဖိုး ၄၀၀ အပါအဝင် စုစုပေါင်း တစ်ရက်လုပ်ခ ၁၂၀၀၀ ကျပ်တိုးမြှင့်ပေးလိုက်တယ်။ ရက်မှန်ကြေး၊ လုပ်ခလစာ၊ လုပ်သက်ကြေးတွေကိုတော့ဇွန်လကနေစတင်ပေးမှာပါ။ အချိန်ပိုကြေးကိုတော့ အရင်နှုန်းထားအတိုင်း ပေးဆောင်မှာဖြစ်ပါတယ်" ဟု ညှိနှိုင်ရာတွင်ပါဝင်သောအလုပ်သမားတစ်ဦးကပြောသည်။
ချန်းရိဖိနပ်စက်ရုံမှလုပ်သားများသည် နေ့စဉ်လုပ်အားခ ၅,၂၀၀ ကျပ်၊ အချိန်ပိုတစ်နာရီလုပ်အားခ ၁,၆၀၀ ကျပ်သာရရှိသောကြောင့် ယခုမေလ ၁၄ ရက်မှစတင်ကာ လုပ်ငန်းခွင်သို့ဝင်ရောက်ခြင်းမရှိဘဲ ဆန္ဒပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း၊ ယမန်နေ့(မေ ၂၀ ရက်) တွင် စက်ရုံဘက်မှ အလုပ်ရှင်နှင့်စက်ရုံ အလုပ်သမားများကြား နှစ်ဘက်ညှိနှိုင်းသဘောတူစာချုပ်ချုပ်နိုင်ခဲ့ကြောင်းသိရသည်။
"ချန်းရိဖိနပ်စက်ရုံဘက်က တာဝန်ရှိသူတွေကတော့ အလုပ်ရှင်အလုပ်သမားနှစ်ဦးသဘောတူစာချုပ် ချုပ်ဆိုပြီးကြောင်းကို ထုတ်ပြန်အသိပေးတယ်။ အသေးစိတ်ကိုတော့ အလုပ်သမားတွေကို အလုပ်ပြန်ဖွင့်မယ့်နေ့မှရှင်းလင်းအသိပေးမှာ။ ဆန္ဒပြအလုပ်သမားတွေကို အလုပ်ထုတ်တာ၊ ခွဲခြားဆက်ဆံ တာတွေလုပ်မှာမဟုတ်ဘူးဆိုပြီးအသိပေးထားပါတယ်။ အခုသူတို့ပြောတဲ့အတိုင်း ညှိနှိုင်မှုအားလုံး အဆင်ပြေသွားပါပြီး" ဟုအလုပ်သမားတစ်ဦးကပြောသည်။
ချန်းရိဖိနပ်စက်ရုံသည် ထိုင်ဝမ်နိုင်ငံသားပိုင်စက်ရုံဖြစ်ပြီး အလုပ်သမား ၆၈၀၀ ကျော်ဖြင့်လည်ပတ်လျက်ရှိပြီး Adidas အမှတ်တံဆိပ်ဖိနပ်များကို အဓိကထုတ်လုပ်သည့်စက်ရုံဖြစ်ကြောင်းသိရသည်။
သတင်း - ပိုင်လေး
ဓာတ်ပုံ - LTY

image