#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အာဆီယံထိပ်သီးညီလာခံ၌ မြန်မာ့အရေး အဓိကထားဆွေးနွေးမည်ဟု မလေးရှားဝန်ကြီးချုပ် ပြောကြား
ကွာလာလမ်ပူမြို့တော်၌ လာမည့်သီတင်းပတ်အတွင်း ကျင်းပ မည့် နှစ်ရက်ကြာအာဆီယံထိပ်သီးညီလာခံ၌ မြန်မာ့နိုင်ငံရေး ပြဿနာ၊ တောင်တရုတ်ပင်လယ် ပင်လယ်ရေကြောင်း ပိုင်ဆိုင်ခွင့် အငြင်းပွားမှုပြဿနာနှင့် အမေရိကန်အစိုးရ၏ အဓိက သွင်းကုန်ခွန်စည်းကြပ်မှုပြဿနာတို့ကို အဓိထားဆွေးနွေးသွားမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်က မေ ၂၂ ရက်တွင် ထုတ်ဖော် ပြောကြားလိုက်သည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံသည် ယခုနှစ် အာဆီယံထိပ်သီးညီလာခံကို မေ ၂၆ ရက်မှ ၂၇ ရက်အထိ ကွာလာလမ်ပူမြို့၌ ကျင်းပမည်ဖြစ်သည်။
ယခုနှစ် အာဆီယံထိပ်သီးညီလာခံအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာ၊ အမေရိကန်အစိုးရ၏ သွင်းကုန်ခွန်စည်းကြပ်မှုပြဿနာနှင့် တောင်တရုတ်ပင်လယ်ဒေသပြဿနာများကို အဓိကထားဆွေးနွေးမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်အန်ဝါအီဘရာဟင်က မီဒီယာများနှင့် တွေ့ဆုံစဉ်ထုတ်ဖော်ပြောကြားထားသည်။
ယင်းအပြင် မြန်မာ့နိုင်ငံရေးပြဿနာကို ဖြေရှင်းရေးအတွက် လက်ရှိမြန်မာအစိုးရနှင့် ဆွေးနွေးရာတွင်လည်းကောင်း၊ အခြားပြည်တွင်းအင်အားစုများနှင့် ဆွေးနွေးရာတွင်လည်းကောင်း တိုးတက်မှုများရရှိထားကြောင်း မလေးရှားဝန်ကြီးချုပ်က ပြောကြားခဲ့သည်။
ယင်းအပြင် အထက်ပါသီးခြားဆွေးနွေးပွဲများသည် လက်ရှိပေါ်ပေါက်နေသော စစ်ရေးပဋိပက္ခများကိုအဆုံးသတ်နိုင်ရေးအတွက် သက်ဆိုင်ရာအင်အားစုများအကြား တိုက်ရိုက်ထိတွေ့ဆွေးနွေးနိုင်ရန် နောက်ခံအခင်းအကျင်းတစ်ရပ်ကိုပထမဆုံး အကြိမ်အဖြစ် ချပေးထားနိုင်ကြောင်း မလေးရှား ဝန်ကြီးချုပ် က သုံးသပ်ထားသည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်သည် ပြီးခဲ့သည့်လအတွင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ထိုင်းနိုင်ငံဗန်ကောက်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့သည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်ရေးပဋိပက္ခများကို အဆုံးသတ်ရေးအတွက် သက်ဆိုင်ရာအင်အားစုများအကြား တိုက်ရိုက်ဆွေးနွေးရန် အချိန်သင့်ပြီဟုမိမိယူဆကြောင်း မလေးရှားဝန်ကြီးချုပ်က ထုတ်ဖော်ပြောကြားထားသည်။
ရိုက်တာ

image