6 ပတ် - ဘာသာပြန်ပါ။

နိုင်ငံခြားငွေလိုအပ်ချက်ကြောင့် EV တင်သွင်းမှု အကန့်အသတ်ဖြင့်သာ ခွင့်ပြု
ရန်ကုန်၊ မေ ၂၂
နိုင်ငံခြားငွေ လိုအပ်ချက်တွေ ရှိနေတာကြောင့် လျှပ်စစ်စွမ်းအင်သုံး မော်တော်ယာဉ် (EV) ကား တင်သွင်းမှုတွေကို အကန့်အသတ်နဲ့ပဲ ခွင့်ပြုနေရကြောင်း သိရပါတယ်။
ကုန်သွယ်မှုပိုငွေပြနေသော်လည်းပဲ အခြားသုံးစွဲမှုတွေဟာ အနှုတ်လက္ခဏာတွေ များပြားနေတာကြောင့် နိုင်ငံခြားငွေဈေး မြင့်တက်နေရတာလို့ နစကဥက္ကဋ္ဌ၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မေလ ၂၁ ရက်နေ့၊ အစိုးရအဖွဲ့လုပ်ငန်း ညှိနှိုင်းအစည်းအဝေး ဒုတိယနေ့မှာ ပြောကြားခဲ့ပါတယ်။
“ဥပမာအားဖြင့် ပြည်ပသို့ အကြောင်းအမျိုးမျိုးဖြင့် ထွက်ခွာမှုတွေနဲ့ နိုင်ငံခြားငွေသုံးစွဲမှု များပြားလျက်ရှိကြောင်း”လို့ ဆိုပါတယ်။
စက်သုံးဆီနဲ့ ပတ်သက်ရင် နှစ်စဉ် အမေရိကန်ဒေါ်လာ ၅ ဘီလီယံခန့်တန်ဖိုးရှိတဲ့ စက်သုံးဆီတွေ တင်သွင်းနေရလို့ လောင်စာဆီသုံးစွဲမှု လျှော့ချနိုင်ရေးအတွက် လျှပ်စစ်ယာဉ် EV တင်သွင်းမှုကို ခွင့်ပြုပေးထားပါတယ်။
သို့သော်လည်း နိုင်ငံခြားငွေလိုအပ်ချက်တွေ ရှိနေလို့ EV ကား တင်သွင်းမှုတွေမှာ အကန့်အသတ်တွေ ဖြစ်ပေါ်နေရခြင်းဖြစ်တယ်လို့ နစကဥက္ကဋ္ဌက ပြောကြားထားပါတယ်။
၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်နေ့အထိ တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ခရိုင်ရုံးတွေမှာ မှတ်ပုံတင်ထားတဲ့ EV ယာဉ်အစီးရေ ၁၈,၆၃၀ စီး ရှိလာကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (က.ည.န) ရဲ့စာရင်းတွေအရ သိရပါတယ်။
အဲ့ဒိအထဲမှာ EV လူစီးက ၆၉၆၁ စီး၊ ခရီးသည်တင်က ၄ စီး၊ ကုန်တင်(ဝန်ပေါ့)က ၂၂ စီး ပါဝင်ကြောင်း က.ည.န ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
လက်ရှိမှာ လျှပ်စစ်ယာဉ် (EV) တင်သွင်းခြင်းကို ဦးစားပေးအဆင့်မှ လျှော့ချသတ်မှတ်လိုက်ကြောင်း မော်တော်ယာဉ်တင်သွင်းသူ လုပ်ငန်းရှင်အသိုင်းအဝိုင်းမှ သိရပါတယ်။
ပြည်ပကနေ လျှပ်စစ်ကားတွေ တရားမဝင်တင်သွင်း ရောင်းချခြင်းများကို တွေ့ရှိပါက စားသုံးသူကာကွယ်ရေးဥပဒေအရ အရေးယူမှာဖြစ်ပြီး ဈေးနှုန်းမြှင့်တင်ရောင်းချမှုတွေကိုလည်း အရေးယူမယ်လို့ အသိပေးထားပါတယ်။
ပြည်တွင်းကို လျှပ်စစ်ကားများ တရားဝင် တင်သွင်းရောင်းချခြင်းအတွက် ကုမ္ပဏီ ၁၀၀ ကျော်ကို လုပ်ပိုင်ခွင့်ပေးထားပြီး အဲဒိအထဲက ကုမ္ပဏီအချို့ကပဲ တင်သွင်းရောင်းချနေကာ အများစုကတော့ တင်သွင်းရောင်းချခြင်း မပြုနိုင်သေးဘူးလို့ သိရပါတယ်။
သတင်း - BETV Business

image
image
image
image