6 ပတ် - ဘာသာပြန်ပါ။

မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်သို့ တင်ပို့ရောင်းချရန် စီစဉ်နေ
ရန်ကုန်၊ မေ ၂၁
မြန်မာ့ပေါ်ဆန်းဆန်ကို ခေတ်မီထုတ်ပိုးမှုပုံစံတွေနဲ့ နိုင်ငံတကာဈေးကွက်ကို တင်ပို့ရောင်းချဖို့ စီစဉ်ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) ကနေ သိရပါတယ်။
“အရောအနှောကင်းပြီး ပစ္စည်းမှန်၊ အရည်အသွေးမှန်၊ ဈေးနှုန်းမှန်တဲ့ မြန်မာပေါ်ဆန်းမွှေး (Fragrant Rice) အဖြစ် နိုင်ငံတကာဈေးကွက်ကို ခေတ်မီထုတ်ပိုးမှုပုံစံတွေနဲ့ တင်ပို့ရောင်းချသွားဖို့ စီစဉ်နေပါတယ်”လို့ ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ပြောပါတယ်။
မြန်မာ့ပေါ်ဆန်းဆန်ကို နိုင်ငံတကာဈေးကွက်ထံ တင်ပို့နိုင်ရေးအတွက် “Myanmar Pawsan Rice Foundation” ကို တည်ထောင်ပြီး စိုက်ပျိုးသူတွေ အပါအဝင် ကုန်သည်၊ စက်ပိုင် ပါဝင်တဲ့ အစုအဖွဲ့တစ်ခု ဖွဲ့စည်းကာ မျိုးကောင်းမျိုးသန့်မှစပြီး သုတေသနလုပ်ငန်းတွေလည်း ဆောင်ရွက်သွားဖို့ ရှိပါတယ်။
လက်ရှိမှာ ပေါ်ဆန်းဆွေးနွေးပွဲတွေကို ခရိုင်အလိုက်ပြုလုပ်နေပြီး ဖျာပုံ၊ မြောင်းမြနဲ့ လပွတ္တာမြို့တို့မှာ ဆွေးနွေးမှုတွေ ပြုလုပ်ပြီးစီးပြီးဖြစ်ကြောင်း MRF ကနေ သိရပါတယ်။
MRF အနေနဲ့ မြန်မာ့ပေါ်ဆန်းကို နိုင်ငံတကာဈေးကွက်မှာ မြန်မာအမှတ်တံဆိပ်တစ်ခုအဖြစ် မြှင့်တင်လိုတာကြောင့် ဒေသဆိုင်ရာအညွှန်း (G.I) ရရှိရေး ဆောင်ရွက်လျက်ရှိပါတယ်။
နိုင်ငံတစ်ဝန်းမှာ ပေါ်ဆန်းစိုက်ဧက တစ်သန်းခွဲခန့်သာ ရှိတာကြောင့် ပြည်ပတင်ပို့လိုပါက အထွက်နှုန်းတိုးလာရေးကို ဦးစားပေးဆောင်ရွက်သင့်ကြောင်း သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
လက်ရှိမှာ နိုင်ငံတကာဈေးကွက်ကို ဧည့်မထ/ ငစိန် အုပ်စုဝင်တွေဖြစ်တဲ့ ဆင်းသုခ၊ သီးထပ်ယဉ်၊ ရတနာတိုး၊ ငစိန် ရာကျော်၊ ကရင်မ၊ ထွန်းပု၊ GW-11 ၊ စောရှုပ်၊ ၇၄၇၊ သီးပု၊ ကောက်နှံ စတဲ့ ဆန်ကြမ်းတွေကိုသာ အဓိကတင်ပို့နေပါတယ်။

image