သင်ဟာ ​နေသာတဲ့ ​နေ့တစ်​နေ့မှာ ကမ်းခြေတနေရာကနေ ပင်လယ်ပြင်ကြီးကို ​ငေး​မောရင်း ရှုခင်းအလှကို ခံစား​နေတယ် ​ဆိုပါစို့။
ဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် သင်္ဘောတစ်စီး ခုတ်​မောင်း​ဖြတ်သွားနေတာကို ​တွေ့လိုက်ရပါတယ်။ ထူးဆန်းတာက သင်္ဘောဟာ ​ရေမျက်နှာပြင်​ပေါ်မှာ မရှိ​နေဘဲ၊ ​လေထဲမှာ ရောက်ရှိ​နေတာကို မြင်ရနိုင်ပါတယ်။ဒါဟာဘာကြောင့်ပါလဲ ?
၁၇ရာစုအတွင်းမှာ သင်္ဘောသား​တွေအကြား နာမည်​ကျော်ကြားလှတဲ့ သင်္ဘောတစ်စီး ရှိပါတယ်။ ဒီသင်္ဘောဟာ ထူးဆန်းစွာနဲ့ ​ပျောက်ဆုံးသွားတဲ့ သင်္ဘောတစ်စီး ဖြစ်ပြီး​တော့ သူ့အမည်က The Flying Dutchman ဖြစ်ပါတယ်။ ဒီသင်္ဘောကို မြင်​တွေ့ရတဲ့ သူ​​တွေရဲ့ စကား​အရ​တော့ သင်္ဘောဟာ ​ရေ​​ပေါ်မှာ မရှိ​နေဘဲ၊ ​လေ​ပေါ်မှာ ပျံဝဲပြီး ခုတ်​မောင်း​နေတယ် ဆိုတာပါပဲ။
သင်္ဘော​တွေ ​လေ​​​ပေါ် ဝဲ​နေတဲ့ထင်ယောင်ထင်မှား ဖြစ်ရပ်ဟာ ​ရှေး​ရှေးအရင်ကတည်းကပဲ မြင်​တွေ့ရတာမျိုး မဟုတ်ဘဲ၊ ယခုလက်ရှိ အချိန်အထိ ​တွေ့မြင်​နေရ​နိုင်သေးတဲ့ ဖြစ်ရပ်တစ််ခု ဖြစ်ပါတယ်။
ကျွန်​တော်တို့က ဒီထူးထူးဆန်းဆန်းပ​​ဟေဠိကို သိပ္ပံပညာနဲ့ ​ဖြေရှင်းကြည့်ကြမလား?
ဒါဟာ 'Superior Mirage' (သို့) 'Fata Morgana' လို့ ​ခေါ်တဲ့ သဘာဝဖြစ်စဉ်တစ်ခုသာ ဖြစ်ပါတယ်။ သဘာဝတရားကြီးရဲ့ လှည့်ကွက်တစ်ခုပါပဲ။
​လေထုထဲမှာ ​အပူချိန်နည်းတဲ့၊ တစ်နည်းအားဖြင့် ​အေးတဲ့​လေ​တွေဟာ ပူ​နွေးတဲ့ ​လေ​တွေထက် သိပ်သည်းခြင်း(Density) ပိုများပါတယ်။ ​အေးတဲ့​လေထုဟာ ​အောက်ဘက်​နေရာကို အနည်ထိုင်​တတ်ကြပြီး ပူတဲ့​လေထုက​တော့ အထက်ကို တက်ပါတယ်။ ပင်လယ်ပြင်မှာလဲ ​လေထုဟာ ဒီသ​ဘောတရားနဲ့ပဲ အလုပ်လုပ်ပါတယ်။ ​အေးတဲ့​လေ​တွေဟာ ပင်လယ်​ရေမျက်နှာပြင်​ပေါ်မှာ ရှိ​နေတတ်ကြပြီး​တော့ ပူတဲ့​လေ​တွေက​တော့ ​ရေမျက်နှာပြင်ရဲ့ အထက်ဘက်ဝန်းကျင်မှာ ရှိ​ပါတယ်။
အလင်းဟာ မတူညီတဲ့ သိပ်သည်းခြင်း​တွေကို ဖြတ်သန်းရတဲ့အခါ အလင်းယိုင်သွားတတ်တဲ့ သ​ဘောရှိပါတယ်။ ပမာပြရရင် ကျွန်​တော်တို့ ကမ္ဘာမှာ ​လေထုအလွှာ ငါးလွှာ ရှိပါတယ်။ စကြဝဠာထဲက ကြယ်​တွေဆီက လာတဲ့ အလင်းဟာ မတူညီတဲ့ သိပ်သည်းမှုနဲ့ ​လေထုအလွှာ အဆင့်ဆင့်ကို ဖြတ်သန်းလာရတဲ့အတွက် အလင်းယိုင်သွားပါတယ်။ ရလဒ်အ​နေနဲ့ မှိတ်တုပ် မှိတ်တုပ်နဲ့ ချွန်ပြီး ဖြာထွက်​နေတဲ့ ကြယ်အလင်း​ရောင်​လေး​တွေကို ကျွန်​တော်တို့ မြင်ရပါတယ်။
အခုလဲ အဲ့သလိုပါပဲ။ သင်္ဘောဆီက​နေ လာတဲ့ အလင်းဟာ ကျွန်​တော်တို့မျက်လုံးဆီကို မ​ရောက်ခင် ပူတဲ့ ​လေထုက​နေ ​အေးတဲ့ ​လေထုကို ဖြတ်သန်းလာရတဲ့အတွက် အလင်းယိုင်သွားပါတယ်။ တစ်နည်းအားဖြင့် မတူညီတဲ့ သိပ်သည်းခြင်း​တွေကို ဖြတ်သန်းလာရတဲ့အတွက် အလင်းယိုင်သွားခြင်း ဖြစ်ပါတယ်။
ပူတဲ့ နယ်ပယ်က​နေ ​အေးတဲ့နယ်ပယ်ကို အလင်းဖြတ်သန်းရတဲ့အခါ ရလဒ်အ​နေနဲ့ ကျွန်​တော်တို့က အရာဝတ္ထုကို အထက်တစ်​နေရာမှာ ​ပြန်တွေ့ရပါတယ်။ ပင်လယ်ပြင်မှာ သင်္ဘော​တွေ ​လေ​​​ပေါ် ​ပေါ​လော​မျော​နေခြင်းဟာ ဒီသဘာဝဖြစ်ရပ်​ကြောင့်သာ ဖြစ်ပါတယ်။
၁၇ရာစုကာလတုန်းက နာမည်ကြီး လျှို့ဝှက်ဆန်းကြယ်တဲ့ ​ပေါ​လော​မျော သင်္ဘောဒဏ္ဍာရီကိုလဲ ကျွန်​​​တော်တို့ တစ်ပိုင်းတစ်စ ​ဖြေရှင်းပြီးသား ဖြစ်သွားမှာပါ။
ဒါဟာ ပင်လယ်ပြင်မှာ ဖြစ်​ပေါ်တတ်တဲ့ အလင်းယိုင်ခြင်း တစ်မျိုး ဖြစ်ပါတယ်။
သူ့ထက် ပိုအဖြစ်များတဲ့ ဆန်းဆန်းကြယ်ကြယ် ဖြစ်စဉ် တစ်ခု ရှိပါ​သေးတယ်။ ဒီဖြစ်စဉ်ကို​တော့ ရိုးရိုး 'Mirage' လို့ပဲ ​ခေါ်ပါတယ်။
ပူပြင်းလှတဲ့ ​နေ့တစ်ရက်မှာ၊ သင်ဟာ အ​ဝေး​ပြေးကားလမ်း​​​ပေါ်မှာ ကား​မောင်း​နေတယ် ဆိုပါစို့။ အ​ရှေ့မှာ ​ရေအိုင်ကြီး တစ်အိုင်ကို ​တွေ့ပါတယ်။ ဒီ​ရေအိုင်အနားကို ​ရောက်သွား​​တော့ စင်စစ်​ရေအိုင်က မရှိ​နေပါဘူး။ ဒီ​တော့ ဆက်​မောင်းပြီး မကြာမီမှာပဲ ​ရေအိုင်ကို ထပ်​တွေ့ပါတယ်။ ​ရေအိုင်အနားကို ​ရောက်​တော့ ​ရေအိုင်က မရှိ​နေပြန်ပါဘူး။
အမြင်မှားတာလား၊ မူး​နေတာလား၊ အိပ်ချင်​နေတာလား၊ သရဲ​တစ္ဆေခြောက်နေတာများလား စသဖြင့် အ​တွေးစုံ ဝင်လာနိုင်ပါတယ်။
ဒါကိုလဲ သိပ္ပံပညာနဲ့ ​ဖြေရှင်းလို့ ရပါတယ်။
ကုန်း​မြေဟာ ပင်လယ်ပြင်နဲ့ မတူဘဲ၊ ပူ​နွေးတဲ့​ လေ​တွေက ​အောက်ဘက်​နေရာမှာ ရှိ​နေတတ်ကြပါတယ်။ အထက်ဘက်မှာ​တော့ ​အေးပြီး သိပ်သည်းခြင်းများတဲ့ လေ​တွေ ရှိ​နေမယ်​ပေါ့။
​နေ​ရောင်ခြည်က​နေ လာတဲ့ အလင်းဟာ ဒီတစ်ခါ ​အေးတဲ့​ လေထုက​နေ ပူတဲ့​​ လေထုဆီကို ဖြတ်သန်းလာရပါတယ်။ ဒီအခါ အတွင်းဘက်ကို လုံးဝအလင်းယိုင်သွားပါတယ်။ ဆိုလိုတာက အင်္ဂလိပ်အက္ခရာ 'V' ပုံစံနဲ့ အလင်းယိုင်သွားတာပါ။
ဒီအခါ ရလဒ်တစ်ခု အ​နေနဲ့ ကျွန်​တော်တို့က အထက်ဘက်မှာ ရှိတဲ့ အရာဝတ္ထု​တွေကို ​အောက်တစ်​နေရာမှာ ပြန်​တွေ့ရပါတယ်။
​ဒါ​ကြောင့် ပူပြင်းတဲ့ ​ဒေသ​တွေဆီကို သွားတဲ့အခါ၊ ဒါမှမဟုတ် ပူပြင်းလွန်းတဲ့ရက်​တွေမှာ အပြင်ထွက်တဲ့အခါ လမ်း​ပေါ်မှာ ​ရေအိုင်လိုလို၊ ဘာလိုလိုနဲ့ ​တွေ့ရရင် ဒါဟာ သဘာဝတရားကြီးက မရှိတာကို အရှိလုပ်ပြီး ကျွန်​တော်တို့ကို ကျီစယ်​ဖို့ ကြိုးစား​နေတာပါပဲ။

image
image
image
image
image