#ဆက်ရန်ရှိ
တကယ်လို့ သင်ဟာ သက္ကရာဇ် ၁၅၈၂ ခုနှစ် အောက်တိုဘာလ မှာ ရှိခဲ့တယ်ဆိုရင် အဲ့လ ၄ရက်နေ့မှာ အိပ်ပြီး မနက်နိုးလာတော့ အောက်တိုဘာလ ၁၅ရက်နေ့ ဖြစ်သွားတာကို ကြုံခဲ့ရမှာပါ။
ဒါကို မပြောခင် လူသားတွေ နေ့စဉ်ရှင်သန်မှုအတွက် ရက်၊လ၊နှစ်ဆိုတဲ့ သတ်မှတ်ချက်တွေကို သိပ္ပံနည်းကျ သတ်မှတ်ပေးထားရပါတယ်။ ဘာကို အခြေခံပြီး သတ်မှတ်တာပါလဲ။ ဒါတွေက ဘာလို့အရေးကြိီးတာလဲ ။ ဆက်လေ့လာရအောင်ပါ။
ရက် ( Day )
သိပ္ပံအလိုရတော့ ကမ္ဘာ တပတ်လည်တဲ့ အချိန်ကို တရက် လို့ ခေါ်ပါတယ်။
(Siderial Day - ၂၃နာရီ ၅၆ မိနစ် ၄ စက္ကန့်)
လူ့လောက အလိုအရတော့ နေထွက် နေဝင် နဲ့ မှတ်သားပြီး ဒီနေ့နေထွက်ချိန်ကစလို့ နောက်နေ့ နေထွက်ချိန်ထိ တရက်လို့ ခေါ်ပါတယ်။ ( Solar Day - ၂၄ နာရီ)
ကျနော်တို့အတွက် အရေးကြီးတာက Solar Day ပါ။ ကမ္ဘာ ဘယ်နှပတ်လည်နေပါစေ ကျနော်တို့ အိပ်ချိန် စားချိန် အလုပ်ချိန်သတ်မှတ်ဖို့က နေဝင် နေထွက်တာလောက် အရေးမကြီးဘူး မဟုတ်ပါလား။
လ ( Month )
အပေါ်ကလိုပါပဲ။ လက ကမ္ဘာကို တပတ်ပြည့်အောင် လှည့်တဲ့အချိန်ကို တလ ခေါ်ပါတယ်။ ( Siderial Month - ၂၇ ရက် ၇ နာရီ ၄၃ မိနစ် ၁၂ စက္ကန့်)
ဒါပေမဲ့ ကျနော်တို့ကိုသက်ရောက်နေတာ ၊ အရေးကြီးတာက Lunar Month ဆိုတဲ့ လပြည့် လကွယ် ဒီရေ အတက်အကျ ဖြစ်စဉ်တွေ မဟုတ်ပါလား ။ (၂၉ရက်ခွဲ )
နှစ် ( Year)
ကမ္ဘာက နေကို တပတ်ပြည့်အောင် လှည့်တဲ့အချိန် ကို တနှစ် (Siderial Year) လို့ ခေါ်ပါတယ်။ ( ၃၆၅ရက် ၆နာရီ ၉ မိနစ် ၁၀ စက္ကန့်)
လူသားတွေအတွက် အကျိုးပြုတဲ့ ရာသီဥတုဖြစ်စဉ်တွေပေါ်မူတည်ပြီး သတ်မှတ်တဲ့ နှစ် လည်းရှိပါတယ်။ နေဟာ အီကွေတာပေါ် အတည့်ရောက်တဲ့အချိန် ကမ္ဘာပေါ် နေ့ နဲ့ ည ကြာချိန် အညီအမျှ ဖြစ်ပေါ်ပါတယ်။ အဲ့ဒီ အမှတ်ကို Equinox လို့ သတ်မှတ်ပါတယ်။ Vernal Equinox နဲ့ Autumnal Equinox ဆိုပြီး ၂ ကြိမ်ရှိပါတယ်။ Vernal Equinox ဟာ မတ်လ ၂၀/၂၁ မှာ ဖြစ်ပြီး မြောက် ကမ္ဘာခြမ်းရဲ့ နွေရာသီ အစပါ။ Autumnal Equinox ဟာ စက်တင်ဘာ ၂၂/၂၃ မှာဖြစ်ပြီး မြောက်ကမ္ဘာခြမ်းရဲ့ ဆောင်းဦး အစဖြစ်ပါတယ်။
Vernal Equinox ကနေ နောက်ထပ် Vernal Equinox. ကိုရောက်ဖို့ ကြာချိန် ( ဒါမှမဟုတ် Autumnal Equinox to Autumnal Equinox) ကိုလည်း တနှစ် လို့ ခေါ်ပါတယ်။ ဒါကိုတော့ Tropical Year လို့ အမည်ပေးပါမယ်။ (၃၆၅ရက် ၅နာရီ ၄၈ မိနစ် ၄၆ စက္ကန့်)
နှစ်မျိုးစီဆိုတော့ ဘယ်ဟာကို အမှန်ယူရမလဲ၊ အရမ်းများ ကွာသွားလေမလား စိုးရိမ်ကြမှာပေမဲ့ ကမ္ဘာဂြိုဟ်က လူသားတွေအတွက် သိပ်ကံကောင်းလွန်းတာက အဲ့ဒီ နှစ်မျိုးစီဟာ တခြားဂြိုဟ်တွေမှာလို သိသိသာသာကွာခြားနေတာမျိုး မဟုတ်ပဲ မပြောပလောက်တဲ့ ခြားနားခြင်းမျိုး ပဲ ရှိနေတာပါ။
ဒီအချက်တွေပေါ် မူတည်ပြီး ရက် ၊ လ၊ နှစ် ၊ ပြက္ခဒိန် ဆိုတဲ့ သတ်မှတ်ချက်တွေ သတ်မှတ်ကြတာပါ။ ဒီထဲကမှ နာမည်ကျော်ပြီး အသုံးများခဲ့တဲ့ ပြက္ခဒိန်တွေ အကြောင်းကို ပြောကြရအောင်။ ဒါတွေပဲရှိတာလို့ မဆိုလိုပါဘူး။ တကျောင်း တဂါထာ တရွာ တပုဒ်ဆန်း ဆိုသလို ကောင်းမယ်ထင်ရာ သုံးခဲ့ကြတဲ့ ပြက္ခဒိန်တွေလည်း ရှိပါတယ်။
Egyptian Calendar
===============
အီဂျစ်တွေရဲ့ ပြက္ခဒိန်ကတော့ ရှင်းပါတယ်။ တနှစ်မှာ ၁၂လ ၊ တလကို ရက် ၃၀ ပါ။ အဲ့တော့ တနှစ်မှာမှ ရက်ပေါင်း ၃၆၀ ပဲ ရှိပါတယ်။
အပေါ်မှာ ပြောခဲ့သလို တနှစ်မှာ တကယ်ရှိတာက ၃၆၅ ရက်ကျော်ဆိုတော့ လက်တွေ့နဲ့ အံမကိုက်ပါဘူး။ အကြမ်းဖျင်း တနှစ်ကို ၅ ရက် ကွာနေတာဖြစ်လို့ ဆယ်နှစ်မှာ ရက်ပေါင်း ၅၀ ၊ အနှစ် ၂၀ ဆိုရင် ရက်ပေါင်း ၁၀၀ ကွာသွားပါတယ်။
ကွာတာ ဘာဖြစ်လဲဆ်ိုရင် လူတွေအတွက် အဆင်မပြေတာတွေချည်း ဖြစ်ပါတယ်။ ဥပမာဆိုပါစို့ ... အဖေလက်ထက်မှာ လုပ်တဲ့ ခရစ္စမတ်က ဒီဇင်ဘာ ဆောင်းနှင်းအေးအေးဆိုပေမဲ့ သားလက်ထက်မှာတော့ ဒီဇင်ဘာဟာ နွေရာသီ နေပူပူကြီး ဖြစ်သွားပါတယ်။ မြေးလက်ထက်ကျ ခရစ္စမတ်မှာ မိုးရွာလို့ ဆန်တာကလော့က ထီးဆောင်းပြီး ထွက်လာရပါတော့တယ်။ မြန်မာလိုဆိုရင်လည်း မ်ိုးတွင်းကြီး သင်္ကြန်ကျရမလိုပေါ့။ ဒါက ထင်သာအောင် ဥပမာဆောင်ပြောတာဖြစ်ပြီး အဲ့ဒီခေတ်က စိုက်ပျိုးရေး ၊ ကုန်သွယ်ရေး စတဲ့ လုပ်ငန်းဆောင်တာတွေအတွက် ကမောက်ကမ ဖြစ်ကြရပါတယ်။ သူ့ကို ပြင်ဖို့ နောက်ထပ်တခု ထွက်လာတာကတော့ ဆီဇာ ပြက္ခဒိန်ပါ။
#ဆက်ရန်

image