ရှေ့လာမည့် စာမျက်နှာများတွင်
အသင်တို့ ဖတ်ရှုကြရတော့မည့်
“ဝတ္ထုတို” ခေါ် စာပေအဖွဲ့အနွဲ့ ပုံစံများကို
ကျွန်ုပ် မည်သို့ ဖန်တီးရေးသားခဲ့မိသည့်
အကြောင်း စာကြောင်းရေအနည်းငယ်ဖြင့်
ရှင်းလင်းဝန်ခံလိုပါသည်။ ကျွန်ုပ်သည်
မြန်မာစာ ဖတ်တတ်၊ ရေးတတ်သည့်
အရွယ်မှစ၍ ဝတ္ထုပုံပြင်များကို
ဖတ်ရှုခံစားခြင်း၌ စွဲစွဲမက်မက်
ခုံမင်မြတ်နိုးသူတစ်ဦး ဖြစ်ခဲ့ သည်။
ထိုမှတစ်ဆင့် မိမိကိုယ်တိုင်
ဝတ္ထုပုံပြင် ဖန်တီးရေးသားလိုသော
တဏှာအာလယက ကျွန်ုပ်၏
ကိုယ်စိတ်နှစ်ပါးကို ဖိစီးလာခဲ့သည်။
ယင်းဖိစီးမှု ကို ကျွန်ုပ် တွန်းလှန်ခြင်းမှာ
မစွမ်းသာခဲ့ပါ။ အမည်တပ်ရန်ခဲယဉ်းသော
နောက်ကွယ်မှ ကြိုးကိုင်နေသော
ကျွန်ုပ် မမြင်မတွေ့ရသည့် နတ်ဝင်သည်
တစ်ဦးရှိနေမှန်း ကျွန်ုပ် ရိပ်စားမိခဲ့သည်။
နတ်ဝင်သည်သည် ကျွန်ုပ်၏ ရုပ်နာမ်နှစ်ပါး၊ အတွေ့အကြုံတို့ကို စာပေပုံသဏ္ဌာန်
တစ်ခုဖြစ်သွားအောင် ဖန် တီးရေးသားဖို့
ကျွန်ုပ်အား တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။ ပြင်းပြင်းထန်ထန် အားတက်သရော
တိုက်တွန်းနှိုးဆော်ခဲ့ပါသည်။
ကျွန်ုပ်သည် အာဏာသား၏
ကျာပွတ်အောက်မှ ကံကျွေးချ
ကျေးကျွန်တစ်ဦးပမာ နတ်ဝင်သည်အလိုကျ
ပုံပြင်ဝတ္ထုများကို မိမိတတ်စွမ်းသလောက်
တရစပ် မရပ်မနား ရေးသားခဲ့ရာ
ယနေ့ဆိုလျှင်ပင် နှစ်ကာလအားဖြင့်
နှစ်ပေါင်း ၄ဝ နီးနီး ရှိခဲ့ပါပြီ။
နတ်ဝင်သည်ကလည်း မပျင်းမရိ၊
ဇွဲသန်သန်ဖြင့် ကမ္ဘာလောကနှင့်
ကျွန်ုပ်တို့အကြားမှာရပ်၍ ကျွန်ုပ်ကို
ကလောင်စွဲကိုင်ထားရန် သတိပေးရင်း
စောင့်ကြပ်လျက်ရှိနေပါသည်။
ယခုစာအုပ်တွင် အသင်တို့ ဖတ်ရှုခွင့်
ရကြသည်မှာ နတ်ဝင်သည်၏ပယောဂကြောင့်
ကျွန်ုပ်၏ ဖန်တီးရေးသားခဲ့သမျှ
ပုံပြင်ဝတ္ထုအားလုံး၏ သေးငယ်သော
အစိတ်အပိုင်းမျှသာ ဖြစ်ပါသည် ။
ဝတ္ထုရေးသူ၏အမှာစာ (သို့မဟုတ်)
ကျွန်ုပ်၏ နတ်ဝင်သည်အကြောင်း အမှာစကား
_ _ _ _ _ _ _ _ _ _
▫️ကြူးနှစ်▫️
• ဝတ္ထုတိုများပေါင်းချုပ် (၁) •
