❛ လေထဲမပျံနိုင်တာတစ်ခုပဲ
ကျန်တာအားလုံးအဆင်ပြေတယ်
မီးကိုလည်းခေါ်ထားတယ်
မြက်ခင်းပြင်လည်း အသစ်လဲထားတယ်
ရထားတစ်စီးဆိုက်တိုင်း
နာမည်အသစ်တစ်ခုပြောင်းတဲ့ ဘူတာရုံ
ဟိုကောင့် LP ကဗျာထဲမှာ
ကျွန်တော့်တီရှပ်အင်္ကျီပေါ်ကစာတန်း
သူချော့ယူသွားတာကို
ခင်ဗျားတို့မြင်ရင်တောင်အံ့ဩမယ်
နေလုံးကြီးဝင်သွားပုံ သိပ်လှတာပဲဆိုပြီး
ကျွန်တော့်ဆည်းဆာထဲ
သူ့စီးကရက်တိုကို တောက်ထည့်သွားတယ်
လမ်းပေါ်မှာ ကျွန်တော့်အရိပ်ဟာ
ထက်ပိုင်းပြတ်နေတယ်
ဆူးနဲ့ချိတ်ပြီးခေါ်လာတဲ့စာကြောင်းလို
ကဗျာထဲမှာ ကျွန်တော့်အသက်ဟာ ငြိနေတယ်
အချိုရည်ပုလင်းထဲ လရောင်ထဲ၊ ကျီးအာသံထဲ
လူးလာခေါက်တုံ့
ရုပ်ရှင်လက်မှတ်ထဲ၊ အသားခုတ်သံထဲ၊
စာအုပ်တစ်အုပ်ထဲ လက်ကလေးလွှဲ၊
လေကလေးချွန်ပြီး ဝင်သွားတယ် ... ။
မင်းဟာ တကယ့်ကွိုင်ပဲ
မင်းဟာ ပရိဘောဂစက်ရုံက
ဖြတ်ထုတ်လိုက်တဲ့ သစ်စပဲ
ဂျာမန်တိုက်စစ်မှူး ကလိုဆေး' ဟာ
မီးခလုတ်တွေကို ဘောလုံးနဲ့ကန်ပြီး
အဖွင့်အပိတ်လုပ် လေ့ကျင့်သတဲ့
ဘာကိုမှမရေးသားခြင်းနဲ့ မင်းဟာ
အရည်အသွေးကို ထိန်းထားတယ်
လွတ်နေတဲ့ စာရွက်တစ်ရွက်ကိုလည်း
ချွန်ထက်တဲ့ အနုပညာတစ်ခုအနေနဲ့
မြင်ကြည့်ကြရအောင်လား
ကောင်းကင်ဆီလွှတ်တင်လိုက်တဲ့ ငှက်ဟာ
သူ့အပျော်ကို လေထုထဲ
သူ့အတောင်ပံနဲ့ ရိုက်သွင်းသွားခဲ့တယ် . . . ။ ။
ပန်မဂ္ဂဇင်း၊ ၂ဝဝ၆။
▫️မောင်ဖီလာ // လိုတရ
