#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ မြန်မာ့အရေး ဆွေးနွေးပွဲနှစ်ပွဲ ကျင်းပရန် အာဆီယံစီစဉ်ထား
အာဆီယံထိပ်သီးညီလာခံ မကျင်းပမီ မြန်မာ့နိုင်ငံရေးပြဿနာနှင့်ပတ်သက်၍ အဓိကထားဆွေးနွေးမည့် ဆွေးနွေးပွဲနှစ်ပွဲကို ကျင်းပရန်စီစဉ်ထားကြောင်း အာဆီယံအတွင်းရေးမှူးချုပ် ကောင်ကင်ဟောင်းက မေ ၂၁ ရက်တွင် ထုတ်ဖော်ပြောကြားလိုက်သည်။
အဆိုပါဆွေးနွေးပွဲများတွင် အာဆီယံနိုင်ငံများအနေဖြင့် မြန်မာ့နိုင်ငံရေးပြဿနာကိုသာ သီးသန့်ဆွေးနွေးမည်ဖြစ်ပြီး အခြားအကြောင်းအရာများ ထည့်သွင်းဆွေးနွေးမည်မဟုတ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားထားသည်။
အာဆီယံက ကျင်းပမည့် မြန်မာ့အရေးဆွေးနွေးပွဲ နှစ်ပွဲအနက် တစ်ပွဲတွင် လက်ရှိအာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှား၊ အလှည့်ကျဥက္ကဋ္ဌဟောင်း လာအိုနှင့် ၂ဝ၂၆ ခုနှစ်တွင် အလှည့်ကျဥက္ကဋ္ဌတာဝန်ယူရမည့် ဖိလစ်ပိုင်နိုင်ငံတို့ပါဝင်မည်ဖြစ်ပြီး ကျန်ဆွေးနွေးပွဲတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံခြားရေးဝန်ကြီးများ ပါဝင်မည်ဖြစ်ကြောင်း အာဆီယံအတွင်းရေးမှူးချုပ်၏ အဆိုအရ သိရသည်။
မြန်မာနိုင်ငံပြဿနာကို တစ်ခဏချင်းဖြေရှင်း၍ ရနိုင်မည်မဟုတ်ကြောင်း၊ သို့ဖြစ်ရာမိမိတို့အနေဖြင့် အချိန်ယူ၍ သက်ဆိုင်ရာအင်အားစုအားလုံးနှင့် ထိတွေ့ဆွေးနွေးနေကြောင်း အာဆီယံအတွင်းရေးမှူးချုပ်က ရိုက်တာသတင်းဌာနသို့ ထုတ်ဖော်ပြောကြားထားသည်။
ယခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌ မလေးရှားနိုင်ငံသည် လာမည့်သီတင်းပတ်အတွင်း အာဆီယံထိပ်သီးညီလာခံကို ကွာလာလမ်ပူ၌ လက်ခံကျင်းပမည်ဖြစ်သည်။
ရိုက်တာ
