6 ပတ် - ဘာသာပြန်ပါ။

ဝိတ်တန်း (၃) ခု ချန်ပီယံ Ilia Topuria လား
Aleksandre Topuria က Ilia Topuria ကို ဝိတ်တန်း (၃) ခု ချန်ပီယံဖြစ်ပြီး သမိုင်းဝင် အောင်မြင်မှုမျိုး ရစေချင်တယ်တဲ့။ UFC အဖွဲ့အစည်းမှာ ဝိတ်တန်း (၂) ခု ချန်ပီယံတွေက အများကြီးပဲ။ Randy Couture အစ Daniel Cormier အလယ် Alex Pereira အဆုံး ချန်ပီယံ (၉) ယောက်ရှိပေမယ့် ဝိတ်တန်း (၃) ခု ချန်ပီယံမရှိသေးပါဘူး။
"Islam Makhachev က Jack Della Maddalena ကိုနိုင်ပြီး ဝယ်တာဝိတ်ချန်ပီယံဖြစ်လာမယ်၊ ကျွန်တော့်ညီ Ilia Topuria က Charles Oliveira ကိုနိုင်ပြီး လိုက်ဝိတ်ချန်ပီယံဖြစ်လာမယ်ဆိုရင် Ilia Topuria က ဝယ်တာဝိတ်တန်းကိုတက်ပြီး Islam Makhachev ကို စိန်ခေါ်မယ်။ ဒါဆိုရင် Ilia Topuria က ဝိတ်တန်း (၃) ခု ချန်ပီယံဖြစ်ပြီး သမိုင်းဝင်အောင်မြင်မှုရပြီ"
ရေမြင့် ကြာမြင့်ဆိုသလို အသိုင်းအဝိုင်းကောင်းရင် နာမည်ကြီးနိုင်တယ်ဆိုပေမယ့် စိန်နားကပ်ရောင်ကြောင့် ပါးပြောင်တာ မဟုတ်ဘဲ ကိုယ်ပိုင်အရည်အချင်းရှိမှ အောင်မြင်နိုင်တာပါ။ Gilbert Burns က နာမည်ကြီးပေမယ့် Herbert Burns က မအောင်မြင်ပါဘူး။ Kamaru Usman က ထိပ်ဆုံးရောက်ဖူးပေမယ့် Mohammed Usman က တိုင်ပတ်နေပါတယ်။ ဒီသဘောပါပဲ။ Ilia Topuria က စူပါစတားဖြစ်လာပေမယ့် Aleksandre Topuria ကိုလည်း ကိုယ်ပိုင်အရောင်ရှိစေချင်တာပါ။ လေတိုက်တာကို နားလည်မိပေမယ့် အချက်အလက်လွတ်သွားလို့ မရပါဘူး။
Islam Makhachev က Jack Della Maddalena ကို နိုင်ကောင်းနိုင်လိမ့်မယ်။ မသေချာဘူးနော်။ Ilia Topuria ကလည်း Charles Oliveira ကို နိုင်ကောင်းနိုင်လိမ့်မယ်။ ဒါလည်း မသေချာပါဘူး။ Islam Makhachev နဲ့ Ilia Topuria တို့က ဝယ်တာဝိတ်ချန်ပီယံမလုကြဘူးဆိုတာက သေချာတယ်။ Aleksandre Topuria ပြောထားသလို Islam Makhachev ရဲ့ ပထမဆုံး ဝယ်တာဝိတ်ချန်ပီယံကာကွယ်ပွဲမှာ Ilia Topuria ကို မတွေ့နိုင်ပါဘူး။ ကျွန်တော်က အဲဒါကို ထောက်တာပါ။
Islam Makhachev က ဝယ်တာဝိတ်ချန်ပီယံဖြစ်လာမယ်ဆိုရင်တောင် Sean Brady ၊ Shavkat Rakhmonov ၊ Ian Garry နဲ့ Michael Morales တို့ထဲက တစ်ယောက်ကို ကစားရမယ်။ ပထမဆုံး ဝယ်တာဝိတ်ချန်ပီယံကာကွယ်ပွဲမှာ Ilia Topuria မဖြစ်နိုင်ပါဘူး။ Shavkat Rakhmonov ဆိုရင်လည်း ချန်ပီယံလုခွင့်ရတာ ကြာလှပါပြီ။ ဒဏ်ရာရလို့သာ နားနေရတာပါ။ Sean Brady နဲ့ Ian Garry တို့လည်း နိုင်ပွဲရထားတယ်လေ။ ဘယ်ကလာ Ilia Topuria ကို ဝယ်တာဝိတ်ချန်ပီယံလုခွင့်ပေးမှာလဲ။ မဆိုင်တဲ့အပေါက် ကလိုင်နဲ့ခေါက်။
Ilia Topuria က လိုက်ဝိတ်ချန်ပီယံဖြစ်လာရင်တောင် ဝယ်တာဝိတ်တန်းကို တက်အားမယ်ထင်လို့လား။ လိုက်ဝိတ်တန်းမှာ ထိပ်တန်းတွေက တန်းစီနေတာပဲ။ Arman Tsarukyan ၊ Dan Hooker နဲ့ Justin Gaethje တို့က ဘယ်သွားထားရမလဲ။ တက်လို့လည်း မရပါဘူး။ Ilia Topuria ရဲ့ အရပ်နဲ့ လက်တံက ဝယ်တာဝိတ်တန်းမှာ အဆင်မပြေဘူး။ Aleksandre Topuria က ပါးစပ်အရသာခံပြီး ပြောနေတာပါ။
Aleksandre Topuria က ညီတော်မောင် Ilia Topuria ကို ဝိတ်တန်း (၃) ခု ချန်ပီယံဖြစ်ချင်လား။ ဒါဆိုရင် Ilia Topuria ကို ONE Championship မှာ သွားကစားခိုင်း။ ဆင့်ပါးစပ် နှမ်းပက်ဆိုသလို ထိုးကြေးမဆိုစလောက်ရမယ်။ အခုရသလို ဒေါ်လာသန်းဂဏန်းကိုတော့ အိပ်မက်မမက်နဲ့။ ONE MMA Roster က ကြက်ဝိုင်းလောက်ပဲရှိပြီး အိမ်ကြက်ချင်း အိုးမဲသုတ်ခွပ်ခိုင်းနေတာပါ။ ဒါဆိုရင် Ilia Topuria က ONE Championship မှာ ဘင်တန်ဝိတ်၊ ဖယ်သာဝိတ်နဲ့ လိုက်ဝိတ်တန်းမှာ ချန်ပီယံဖြစ်ပြီး ဝိတ်တန်း (၃) ခု ချန်ပီယံဖြစ်လာနိုင်ပါတယ်။

image