နိုင်ငံရေးတွေ ပါလို့ Tesla ကို ဒိန်းမတ်ကုမ္ပဏီ ကားပြန်အပ်
အီလွန်မတ်စ် မွှေခဲ့သမျှက Tesla ကုမ္ပဏီကို ထိုးနှက်နေတုန်းပါပဲ။
အခုလည်း ဒိန်းမတ်ရဲ့ အကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီ Tscherning က လုပ်ငန်းမှာ သုံးနေတဲ့ Tesla ကားအကုန်လုံး ပြန်အပ်လိုက်ပြီလို့ ဆိုပါတယ်။ Tesla ကားတွေ မကောင်းလို့ မဟုတ်ဘဲ အီလွန်မတ်စ်ရဲ့ နိုင်ငံရေးအယူအဆတွေကြောင့်လို့ ပြောပါတယ်။
"ကျွန်တော်တို့ ဘယ်လို မောင်းသလဲဆိုတာတင်မဟုတ်ဘဲ ဘယ်သူတွေနဲ့အတူ မောင်းနှင်နေလဲဆိုတာပါ ဆုံးဖြတ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ကုမ္ပဏီက Tesla ကားသော့တွေ ပြန်အပ်လိုက်တာပါ။"
Tesla ကားတွေအစား တခြား ဥရောပကားတွေ ဝယ်သုံးမယ်လို့လည်း ကုမ္ပဏီက ပြောပါတယ်။ Tscherning ဖြစ်ရပ်က ဥရောပမှာ Tesla အခြေအနေ မကောင်းတော့ဘူးဆိုတာကို ပြနေတာပါ။ မကြာခင် လူလျှော့တာတွေ ၊ အရောင်းဆိုင်ပိတ်တာတွေ ဖြစ်လာနိုင်ပါတယ်။
အချက်အလက်တွေအရ Tesla ရဲ့ အခု ဒုတိယသုံးလပတ် Q2 လည်း ပထမသုံးလပတ်လိုပဲ ၄၀% အရောင်းကျဖို့ ရှိပါတယ်။ ၂၀၂၅ အတွက် Q1 နဲ့ Q2 ကိန်းဂဏန်းတွေက ပြီးခဲ့တဲ့ သုံးနှစ်အတွင်း အနိမ့်ဆုံး သုံးလပတ်ဖြစ်လာနိုင်ပါတယ်။
