၁၉၃ဝ ခုနှစ်များသည် တစ်ကမ္ဘာလုံးတွင်
စီးပွားပျက် ကပ်ကြီး ဆိုက်ရောက်ခဲ့သော
နှစ်များဖြစ်သည်။ ထိုနှစ်များ အတွင်းတွင်
ကမ္ဘာပေါ်ရှိ နိုင်ငံ အသီးသီးသည်
ထို စီးပွား ပျက်ကပ်ကြီး၏ ဒဏ်ကို
အပြင်းအထန် ခံကြရ၏။ အမေရိကန်
ပြည်ထောင်စုမှာလည်း ယင်း စီးပွားပျက်
ကပ်ကြီး၏ ဒဏ်မှ မလွတ်။ တခြားနိုင်ငံများ
နည်းတူပင် မရှုမလှ ခံရသည်။ ယင်းအခြေအနေတွင်
အမေရိကန် စာပေလောက၌ သမိုင်းမှတ်တိုင်
တစ်တိုင် ဖြစ်လောက်အောင် ထူးခြားသည့်
ဝတ္ထုကြီးတစ်ပုဒ် ပေါ်ထွက်လာခဲ့လေသည်။
ယင်းဝတ္ထုကြီး ထွက်လာသောအခါ
အမေရိကန် ပြည်ထောင်စု တစ်ဝန်းလုံး
လှုပ် လှုပ်ရှားရှား ဖြစ်သွားခဲ့သည်။
စာဖတ်ပရိသတ်များအနေဖြင့်
ဤဝတ္ထုကြီးကို ဖတ်၍ စိတ်နှလုံး ထိခိုက်
ကြေကွဲခြင်း ဖြစ်ကြရသည်။ ဤဝတ္ထုကြီးထဲ၌
ရေးထားသော အဖြစ် အပျက်များနှင့်
အကြောင်းအရာများသည် တကယ်မှ
ဟုတ်ပါလေစ ဟူသော သံသယ လည်း
ဝင်ကြသည်။ အထူးသဖြင့် အရင်းရှင်များနှင့်
အရင်းရှင် ဘက်တော်သားများသည်
ဤစာအုပ်ကြောင့် တုန်လှုပ်ချောက်ချားခြင်း
ဖြစ်ကြရ၏။ အရူးတစ်ယောက်က မဟုတ်မဟတ် လုပ်ကြံရေးထားသော စာအုပ်ဟု ဆိုကြသည်။
လက်ဝဲဂိုဏ်းသားများအတွက် ဝါဒဖြန့်ပေးသော
စာအုပ်ဟုလည်း စွပ်စွဲကြသည်။ စာအုပ်ကိုရော
စာရေးဆရာကိုပါ အထင်မှား အမြင်မှား
ဖြစ်အောင် ဂုဏ်သိက္ခာကျအောင်
သားပုပ်လေလွင့် ပြောကြ ရေးကြ သည်။
နည်းအမျိုးမျိုးဖြင့် ကြံစည်အားထုတ်၍
ကြိုးစား လုပ်ဆောင်ကြသည်။
စာအုပ်များကို မီးရှို့ ဖျက်ဆီးကြ၏။
မဖတ်သင့် မဖတ်ထိုက်သော စာအုပ် တစ်အုပ်ဟု
ဝါဒဖြန့်ကြ၏။ မဖတ်ရ မရောင်းရဟု ပိတ်ပင်
တားမြစ်ကြ၏။ သို့သော် လည်း စာဖတ်ပရိသတ်ကယထိုဝတ္ထုကြီးကို မရမက ရှာ၍ ဖတ်ကြသည်။
ငှား၍ ဖတ်ကြ သည်။ ပိတ်ပင်ထားသည့်
နေရာများတွင် ခိုး၍ ဖတ်ကြသည်။ယ
နောက်ဆုံးတွင် ဝယ်၍ ဖတ်ကြသည်။
ဤသို့ဖြင့် ဤဝတ္ထုကြီးသည် ဘက်ဆဲလား ခေါ်
အရောင်းရ အတွင်ကျယ် ဆုံးသော စာအုပ်များတွင်
ထိပ်ဆုံးက နေသည့် စာရင်းဝင် စာအုပ်တစ်အုပ်
အဖြစ်သို့ ရောက်လာခဲ့ရလေ၏။
ဝတ္ထုတစ်ပုဒ် ဖြစ်ပါလျက်နှင့်
ဤမျှလောက်အထိ အရှိန်အဝါ ကြီးမားခဲ့သည့်
စာအုပ်မှာ တခြား မဟုတ်။ ယခု စာဖတ်သူ၏
လက်ထဲ၌ ရှိနေသည့် ဒေါသမာန် ဝတ္ထုကြီး ပေတည်း
#စာအုပ်ရောင်းမယ်
• ဂျွန်စတိန်းဘက်၏ ဘဝနှင့်သူ့စာများ / မှ
▫️မောင်ထွန်းသူ▫️
