6 ပတ် - ဘာသာပြန်ပါ။

စကားပြေအရေးအသားကောင်းသော
စာရေးဆရာအဖြစ် နာမည်ကြီးခဲ့သည့်
သုတေသနပညာရှင် စာရေးဆရာ ငြိမ်းကျော် နောက်ဆုံးရေးသားခဲ့သော ဝတ္ထုဖြစ်ပြီး ပထမ၊ ဒုတိယ နှစ်အုပ်တွဲဖြစ်ပါသည်။
သာယာပျော်ရွှင်နေသော ချစ်သူဘဝကို
ပိုင်ဆိုင်ထားပါလျက် ချစ်သူကွယ်ရာမှာ
ဖောက်ပြားခဲ့ပြီး ကာမဂုဏ်နွံအတွင်း
သက်ဆင်းသွားသော မြဝင်းနွယ်…။
ချစ်သူအပေါ် အဆုံးစွန်ထိ ခွင့်လွှတ်ယုံကြည်ပေးထားပါလျက် လက်ထပ်ခါနီးမှ ဘဝကို ဖျက်ဆီးခံလိုက်ရသည့် ညီလှိုင်…။
အထိအတွေ့ သာယာမှုကို နှစ်သက်သူနှင့် စောင့်စည်းထိန်းသိမ်းသူတို၏ အတွဲမညီသည့် ကြေကွဲဖွယ်ဇာတ်လမ်းတစ်ပုဒ် ဖြစ်ပါသည်။
ညီလှိုင်နှင့် မြဝင်းနွယ်သည် တက္ကသိုလ် တက်စဉ်ကပင် ချစ်သူများဖြစ်ခဲ့ကြပြီး တစ်အိုးတစ်အိမ်ထူထောင်ရန် နှစ်ဘက်သော မိဘများ၏ သဘောတူညီမှုကို ရရှိထားကြလေသည်။ ရည်းစားသက်တမ်း ခြောက်နှစ်ကျော်ကြာပြီးနောက်ပိုင်းမှ ချစ်သူမိန်းကလေးမှာ အခြားသူတစ်ဦးနှင့် ဖောက်ပြန်နေကြောင်း ညီလှိုင်သိခဲ့ကြားခဲ့ရသည်။ မြဝင်းနွယ်ကမူ ခိုင်မာစွာ ငြင်းဆိုခဲ့ပြီး နောက်တစ်ကြိမ်အမှားတွင် မတော်မတရားပြုကျင့်ခံရသူနှယ် ချစ်သူကို ထပ်မံအယုံသွင်းခဲ့ပုံကို ဇာတ်ကောင်စရိုက်ပေါ်လွင်အောင် ပီပီပြင်ပြင် ရေးဖွဲ့ထားသည်။ ညီလှိုင်ကိုချစ်သော်လည်း အထိအတွေ့၏ သာယာမှုနောက်ကိုလိုက်ရင်း မရုန်းထွက်နိုင်သည့် မြဝင်းနွယ်အား မိသားစုနှင့် ဆွေမျိုးသားချင်းများကပါ မနှစ်မြို့သည့်တိုင် ညီလှိုင်သည် ခွင့်လွှတ်ပေးခဲ့သည်။ သို့သော်လည်း ချစ်သူ၏ သစ္စာဖောက်ဖျက်မှုကို မျက်မြင်ကိုယ်တွေ့ ထပ်မံကြုံတွေ့လိုက်ရချိန်တွင် မယုံကြည်နိုင်သော အံ့ဩတုန်လှုပ်မှု၊ ပူပြင်းဆူဝေသော ဒေါသ၊ ခံပြင်းစိတ်၊ ဝန်တိုစိတ်၊ ကြေကွဲခြင်း၊ နှမြောတသခြင်း၊ ယူကြုံးမရခြင်းတို့ဖြင့် နာနာကျင်ကျင်ပြောနေသည့် ညီလှိုင်၏ခံစားချက်ဝေဒနာတို့ကို စာဖတ်သူရင်ထဲသို့ ကူးစက်လာစေသည်အထိ ဖွဲ့နွဲ့ရေးသားထားသည်။ အဆုံးသတ်တွင် ရမ္မက်ကျွန်အဖြစ်မှ မလွတ်မြောက်လိုသော မြဝင်းနွယ်အား စတင်ချစ်ခွင့်ပန်ခဲ့သူ၊ လက်ထပ်ခွင့် တောင်းခဲ့သူ ညီလှိုင်အနေဖြင့် သူကပင် နာနာကျင်ကျင် လမ်းခွဲစကားကို ပြောကြားလိုက်ရသည့်အခန်းကိုလည်း ရင်နင့်စွာ ဖတ်ရှုခံစားရမည်ဖြစ်သည်။

image