ယူကရိန်းစစ်ပွဲ အဆုံးသတ်ရေး ရုရှားအပေါ် အရေးယူပိတ်ဆို့မှုသစ်တွေချမှတ်ပြီး ဥရောပသမဂ္ဂ ဖိအားပေး
ပါရီ၊ မေ-၂၁-၂၀၂၅
ရတီ(VOM)
ဥရောပသမဂ္ဂဟာ ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်တွေ ထပ်မံချမှတ်ဖို့ ဆုံးဖြတ်လိုက်ကြောင်း အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ ဘရပ်ဆဲလ်မှာ တွေ့ဆုံဆွေးနွေးပြီးနောက် ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။
ယူကရိန်းစစ်ပွဲ အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ရုရှားသမ္မတ ပူတင်နဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်တို့ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပေမယ့် ထူးခြားတဲ့ တိုးတက်မှု ထွက်ပေါ်လာခြင်းမရှိခဲ့ပါဘူး။
ဥရောပသမဂ္ဂရဲ့ အရေးယူပိတ်ဆို့မှုတွေထဲမှာ ပိတ်ဆို့မှုတွေကို ရှောင်ရှားပြီး ရေနံသယ်ယူရောင်းချနေတဲ့ သင်္ဘေ‌ြ ၁၈၉ စင်း၊ ရုရှားစစ်တပ်ကို ထောက်ပံ့ပေးနေတဲ့ အဖွဲ့စည်းနဲ့ လုပ်ငန်း ၃၁ ခုရဲ့ ပို့ကုန်ထိန်းချုပ်မှုတွေကိုလည်း တင်းကြပ်မယ်လို့ ဆိုပါတယ်။
တချို့သော ကုမ္ပဏီတွေကတော့ တူရကီနဲ့ ဗီယက်နမ်တို့လို တတိယနိုင်ငံတွေမှာ ရှိပါတယ်။ ယူကရိန်းက ငြိမ်းချမ်းရေးလိုချင်ပေမယ့် ရုရှားက စစ်ကိုလိုချင်နေတာဖြစ်တဲ့အတွက် ဖိအားပိုမိုပေးဖို့လိုအပ်တယ်လို့ အီးယူနိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ကာဂျာကာလက်စ်က ပြောပါတယ်။
ဒီအတောအတွင်း ယူကရိန်းနဲ့ အပစ်အခတ်ရပ်စဲရေးအတွက် နားလည်မှုစာချွှန်လွှာ ရေးဆွဲရေးဟာ ရှုပ်ထွေးလိမ့်မယ်လို့ ရုရှားအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီပက်စကော့က ပြောပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ရုရှားဟာ စစ်ပွဲဆက်လက်ဆင်နွှဲလိုတာကြောင့် အချိန်ဆွဲဖို့ ကြိုးစားနေတာလို့ စွပ်စွဲထားပါတယ်။
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကတော့ ရုရှားသမ္မတပူတင်၊ ယူကရိန်းသမ္မတ ဇီလန်စကီးတို့နဲ့ ပြီးခဲ့တဲ့တနင်္လာနေ့မှာ တယ်လီဖုန်းဆက်သွယ်ဆွေးနွေးခဲ့ပြီး ဆွေးနွေးမှုရလဒ်တွေ အပြုသဘောဆောင်ကြောင်းပြောဆိုထားပေမယ့် အပစ်အခတ်ရပ်စဲရေးအတွက် တိကျတဲ့ သဘောတူညီချက် နီးစပ်ခဲ့ပုံမရကြောင်း စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။
Ref:NHK

image