16 w - Translate

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ လူနာသစ်တစ်ဦး တွေ့ရှိ
- စင်ကာပူ၊ တရုတ်နှင့် ထိုင်းနိုင်ငံတွင် ကူးစက်မှု မြင့်တက်လာ
ရန်ကုန်၊ မေ ၂၀
ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦး တွေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနရဲ့ မေလ ၁၉ ရက်နေ့၊ ည (၈) နာရီ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မေလ ၁၁ ရက်မှ ၁၈ ရက်နေ့အထိ ဓာတ်ခွဲနမူနာ (၂၄၆၁) ခုကို စစ်ဆေးခဲ့ရာ လူနာသစ်တစ်ဦးကို တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။
အစီရင်ခံကာလအတွင်း ရောဂါပိုးတွေ့ရှိရမှု ရာခိုင်နှုန်းမှာ (ဝ.၀၄) ရာခိုင်နှုန်းဖြစ်ပြီး ကိုဗစ်-၁၉ ရောဂါနဲ့ သေဆုံးသူမရှိဘူးလို့ ထုတ်ပြန်ပါတယ်။
ကိုဗစ်-၁၉ ဟာ ဟောင်ကောင်၊ စင်ကာပူ၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့မှာ စိုးရိမ်စရာအဖြစ် တိတ်တဆိတ် ပြန်လည်ထွက်ပေါ်လာပြီး ကူးစက်မှု သိသိသာသာ မြင့်တက်လာကြောင်း The Nation Thailand သတင်းမှာ ဖော်ပြထားပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ လေဆိပ်၊ ဆိပ်ကမ်းနဲ့ နယ်စပ်ဝင်ထွက်ပေါက်တွေမှာ အဖျားရောဂါလက္ခဏာ စောင့်ကြပ်ကြည့်ရှုခြင်း၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွေနဲ့ ဆေးရုံတွေမှာ အဖျားရောဂါလက္ခဏာစောင့်ကြပ်ကြည့်ရှုခြင်း၊ သံသယလူနာတွေ့ရှိပါက သံသယလူနာတွေ သီးခြားထားရှိ ကုသနိုင်ဖို့ ကြိုတင်ပြင်ဆင်ခြင်းတို့ကို ပိုမိုအားဖြည့်ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။
ယခုလအတွင်း GAVI support for C 19 Vaccination အစီအစဉ်နဲ့ ကူးစက်လွယ် အိုမီခရွန်အုပ်စုမှ မျိုးရိုးဗီဇပြောင်းလဲလာတဲ့ JN.1 အုပ်စုနဲ့ နောက်ဆက်တွဲ မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးတွေကို ကာကွယ်နိုင်တဲ့ Pfizer COVID-19 Vaccine JN.1 တွေကို ဆက်လက်ထိုးနှံပေးမယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါနဲ့ သေဆုံးသူကို ၂၀၂၃ ခုနှစ် မေလ ၁၃ ရက်နေ့မှာ နောက်ဆုံးတွေ့ရှိခဲ့ရပြီး ရောဂါနဲ့ ထပ်မံသေဆုံးမှု မရှိခဲ့သည်မှာ (၂) နှစ်ကျော် အချိန်ကာလရှိပြီဖြစ်တယ်လို့ သိရပါတယ်။

image