အပြုံးကိုတော့လိုချင်ပြီး 
အရှုံးကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
အကောင်းကိုတော့ လိုချင်ပြီး 
အဆိုးကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
သဘောကျစရာကိုတော့ လိုချင်ပြီး 
သောကကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
တွဲထူတာကို လိုချင်ပြီး 
လဲကျတာကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
သုခကိုတော့လိုချင်ပြီး 
ဒုက္ခကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
အချိုကိုတော့ လိုချင်ပြီး 
အခါးကိုတော့ မရင်ဆိုင်ရဲဘူးလား 
 
အကျိုးကိုတော့ လိုချင်ပြီး 
အကြောင်းကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
ချစ်စရာကိုတော့ လိုချင်ပြီး 
ညစ်စရာကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
နိဗ္ဗာန်ကိုတော့ လိုချင်ပြီး 
သေမှာကိုတော့ ရင်မဆိုင်ရဲဘူးလား 
 
အဆိုးလည်း ခံ 
အကောင်းလည်း စံမှ လောကဓံ 
 
စင်ပေါ်တလှည့် 
စင်အောက်တလှည့်ပေါ့ 
 
စံစရာလည်း ပါသလို 
ခံစရာတွေလည်း ပါတယ် 
 
ပြုံးနိုင်သလို ရှုံးနိုင်ရမှာပေါ့ 
ချစ်နိုင်သလို ညစ်နိုင်ရမှာပေါ့ 
ချိုနိုင်သလို ခါးနိုင်ရမှာပေါ့ 
 
ဘဝဆိုတာ အရောရောအထွေးထွေး 
ယာယီလေးပဲ စိတ်မညစ်နဲ့ 
 
အောက်ဆွဲတရားတွေ မကျင့်သုံးနဲ့ 
အသိလေးကိန်း သတိလေးနဲ့ထိန်းပါ 
 
ဆိုးကံတွေကို ရှောင်ရှားဖို့ 
ကောင်းတာတွေ များများလုပ်ပါ 
မကောင်းမှုအကုသိုလ်တွေ မလုပ်နဲ့ 
 
ဒါဆို အခါးပျောက်ပြီး အချိုရလိမ့်မယ် 
အမှောင်ပျောက်ပြီး အလင်းရောက်လိမ့်မယ် 
ဆိုးကံတွေပျောက်ပြီး ကောင်းကံတွေ 
ရောက်လိမ့်မယ်မိတ်ဆွေ ။ 
 
ပန်းမြတ်ခြယ်(တမာတန်း)