Charles Oliveira ရဲ့ Training Video ကိုကြည့်ပြီး သဘောကျမိတာ အမှန်ပဲ။ Sparring Partner က Ilia Topuria ဟန်အတိုင်း လိုက်ကစားပေးတာပါ။ ဘောက်ဆင်ပုံစံကစားတာကအစ လက်သီးရွယ်တာကအလယ် ခေါင်းရွှေ့သွားတာကအဆုံးပါ။ ဟုတ်တာ၊ မဟုတ်တာ နောက်ထား။ အခုလိုပြင်ဆင်နေတာ ပရိသတ်အတွက် အားရစရာပဲ။
ဝုတ်ဝုတ် Jean Silva ပြောထားတာလည်း ရှိတယ်။ Jean Silva နဲ့ Ilia Topuria တို့ဆိုတာ ဆိုဒ်တူဂိုက်တူပါတဲ့။ Ilia Topuria ဟန်အတိုင်းလည်း ကစားပေးပါမယ်တဲ့။ လိုအပ်ရင် ကူညီဖို့ အဆင်သင့်ပါဆိုပြီး Charles Oliveira ကို ပြောထားသေးတယ်။ ဝုတ်ဝုတ် Jean Silva ရဲ့ လေ့ကျင့်ဖော် Mauricio Ruffy က Charles Oliveira ရဲ့ပြိုင်ဘက်ဖြစ်လာနိုင်တာမို့ လက်မခံလောက်ဘူး။ အထာလေးတွေက ရှိသေးတယ်။
တစ်ခါတုန်းက မှတ်မိသေးတယ်။ UFC 311 ပြိုင်ပွဲမှာ Arman Tsarukyan က Islam Makhachev အတွက် သုံးထားတာ ဒေါ်လာ (၅) သောင်းကုန်တယ်တဲ့။ ကြံ့ခိုင်ရည်မကောင်းလို့ နှုတ်ထွက်သွားလိုက်တာ ထရိမ်နင်စရိတ်က သဲထဲရေသွန်ဖြစ်သွားရတယ်။ ကလပ်မှာ နည်းပြဆရာတွေ လေ့ကျင့်ဖော်တွေ စုံလင်ပါတယ်။ Sparring Partner ထပ်ငှားတာက ကိုယ့်ကိစ္စဖြစ်သွားပြီ။ အိတ်စိုက်ရမှာပဲ။
Oleksandr Usyk ဆိုရင် ထရိမ်နင်စရိတ် တအားသုံးစွဲတယ်။ Sparring Partner အတွက် တစ်ပတ်မှာတင် ဒေါ်လာထောင်ချီကုန်တယ်တဲ့။ အဲလို Sparring Partner တွေက (၃/၄) ယောက်ရှိတယ်။ တစ်ပတ်စာ တွက်သာကြည့်ပေတော့။ တစ်ပတ်တည်းတင် မဟုတ်သေးဘူး။ ပွဲမထိုးမချင်း ငှားထားရတာပါ။ သူတို့ကိုလည်း ကျွေးထားရတယ်။ ဒေါ်လာ (၅) သိန်းကနေ (၇) သိန်းကြားကုန်တယ်တဲ့။ ထိုးကြေးဒေါ်လာသန်းရာချီ ရတာမို့ သုံးနိုင်တာပါ။ ကျားကြီးခြေရာကြီးပေါ့လေ။
UFC အဖွဲ့အစည်းမှာ ကမ္ဘာ့ချန်ပီယံလုမယ့် ကစားသမားတွေက Oleksandr Usyk လို ဒေါ်လာသိန်းချီမသုံးနိုင်ဘူးဆိုရင်တောင် ဒေါ်လာသောင်းဂဏန်းသုံးကြရတာပါပဲ။ ချွေးထွက်များမှ သွေးထွက်နည်းမယ်လေ။ အိမ်စာကျေညက်မှသာ မျက်နှာပန်းလှပါမယ်။ ဘာရယ်မဟုတ်ပါဘူး။ Charles Oliveira ရဲ့ Training Video ကိုကြည့်ပြီး ဆက်စပ်ရေးမိတာပါ။
