6 ပတ် - ဘာသာပြန်ပါ။

ချစ်မေတ္တာဝေအကြောင်း
မင်းနဲ့တူတဲ့ သမီးလေး မွေးမယ်
ချစ်မေတ္တာဝေလို့ နာမည်ပေးမယ်
ဘယ်လောက် ပျော်စရာကောင်းသလဲ။
ဘယ်ဘက်ပါးပေါ်က ရေချိုတွင်းလေးတစ်ခု။
လည်တိုင်ပေါ်က မှဲ့နက်လေးတစ်လုံး။
ရှေ့သွား နှစ်ချောင်းကြား ဝေးတယ်ဆိုရုံလေးများက
ချစ်မေတ္တာဝေ ဖြစ်ကြောင်း ပြောပြကြလိမ့်မယ်။
ချစ်မေတ္တာဝေက အမြဲစိမ်းတောအုပ်လေးနဲ့ တူလိမ့်မယ်။
အရိုင်း ဆန်မယ်။
လွတ်လပ် အေးချမ်းမယ် ။
ပျော်ရင် တဟားဟား အော်ရယ်မယ်။
မပျော်ရင် သူ့ရဲ့ အဝါရောင်အခန်းထဲ ကြောင်တစ်ကောင်လို ခွေနေမယ်။
ချစ်မေတ္တာဝေက ချစ်တာကို ချစ်တယ်လို့ သိလိမ့်မယ်။
မုန်းတာကို မုန်းတယ်လို့ သိလိမ့်မယ်။
မျက်ရည်အကြောင်းကို သိလိမ့်မယ်။
အပြုံးတွေအကြောင်းတွေကို သိလိမ့်မယ်။
ချစ်မေတ္တာဝေက စာအုပ်တစ်အုပ်ရယ်၊ကျောပိုးအိတ်တစ်လုံးရယ်၊
ကင်မရာတစ်လုံးရယ် ခရီးသွားခြင်းရယ် လိုလိမ့်မယ်။
ချစ်ရတဲ့ ကောင်လေးရယ်
(ဒါမှမဟုတ် ကောင်မလေးလည်း ဖြစ်ချင် ဖြစ်နိုင်ပါသေးရဲ့)ကော်ဖီတစ်ခွက်ရယ်၊
နားသယ်စပ် အနမ်းတစ်ခုရယ် လိုလိမ့်မယ်။
ချစ်မေတ္တာဝေဟာ ငိုတာကို မရှက်သူ ဖြစ်လိမ့်မယ်။
ရယ်တာကို မကွယ်ဝှက်သူ ဖြစ်လိမ့်မယ်။
သူ့လွတ်လပ်မှုလေး သူကိုယ်တိုင်မွေးမြူလို့
အမှောင်မှာ နိုင်သလောက်လင်းတဲ့
ကြယ်လေးတစ်စင်း ဖြစ်လိမ့်မယ်
ချစ်မေတ္တာဝေမှာ ကိုယ်ပိုင်ဘာသာစကား ရှိလိမ့်မယ်။
ကိုယ်ပိုင်ဘာသာတရား ရှိလိမ့်မယ်။
ကိုယ်ပိုင်ဂီတ ရှိလိမ့်မယ်။
ကိုယ်ပိုင်ဇာတ်ညွှန်း ရှိလိမ့်မယ်။
ချစ်မေတ္တာဝေ ကိုယ်တိုင်ကတော့ ကဗျာတစ်ပုဒ် ဖြစ်လိမ့်မယ်။
မင်းနဲ့တူတဲ့ သမီးလေး မွေးမယ်
ချစ်မေတ္တာဝေလို့ နာမည်ပေးမယ်
ဘယ်လောက် ပျော်စရာကောင်းသလဲ။
- မြကျေး -

image