အခုပြောမှာက မောင်ပါပီ့အဘိုးအကြောင်း။
အဘိုးဆိုပေမယ့်
အဘွားရဲ့မောင် အငယ်ဆုံးဆိုတော့
အဘိုးလေးပေါ့။ အဘွားက အကြီးဆုံးသမီး။
မောင်နှမ ကိုးယောက် မှာ အဲဒီအဘိုးလေးက
အငယ်ဆုံးဆိုတော့ မောင်ပါပီ အမေနဲ့တောင်
အရွယ်တူနီးပါး ဖြစ်နေပါတယ်။
အဲဒီ အဘိုးလေးက တစ်မျိုးတစ်ဘာသာရယ်ဗျ။ လက်ပေါက်ကတ်ပြီး ခွ လျှောက်တိုက်တတ်တဲ့လူကြီး။ လူငယ်ဘဝမှာတင် ဘုံဝါဒဘာညာကို
အင်မတန်ယုံပြီး ဘဝနဲ့ အိမ်ပြန်ရောက်ရောဆိုပါတော့။ “အဘိုးလေးက အလင်းဝင်လာတာဆို”လို့
သွား မေးရင် ဆဲလွှတ်တာဗျ။
“မင့်မေ တစ်တီတူး အလင်းဝင်လားကွ၊
မနိုင်လို့ လက်လျှော့ပြီး အိမ်ပြန်လာတာကွ” တဲ့။
နှုတ်ဆိတ်ကလည်း အင်မတန်ကောင်းတော့
တော်ရုံလူ ဖြိုတယ် ပေါ့လေ။
တစ်ခါက မောင်ပါပီ အကိုဝမ်းကွဲတစ်ယောက်တက္ကသိုလ်သွားတက်ပြီး အပြန်မှာ
ရန်ကုန်က သူ့ဘော်ဒါကို အိမ်ခေါ်လာတယ်။
သိတယ်မဟုတ်လား။ ရန်ကုန်သား စကား ဆိုတာ။
အဲဒီလူက အိမ်မှာတည်းပြီး အလုံးကြီးတွေ
ဟောင်ဖွာ ဟောင်ဖွာ လုပ်နေ တာ။
ဒီမြို့က ရန်ကုန်နဲ့ယှဉ်ရင် တောပဲဗျ
ဘာညာနဲ့ လုပ်နေတာ။ အဘိုးလေး မြင်ပြင်းကတ်လာတယ်နဲ့ တူပါတယ်။ ငါ့တူ၊ မင်းတို့ ရန်ကုန်က မြို့ကြီးပြကြီးဆိုတော့ သူတောင်း စားတွေ များမှာပေါ့၊ ဟုတ်လား ... တဲ့။ အဲဒီမှာ ဟိုလူလည်း “ဗျာ” ဆိုပြီး ငြိမ်ကျသွားရော။ ထားလိုက်ပါတော့ဗျာ။
မောင်ပါပီ ပြောပြချင်တာက သူ့အချစ်ဇာတ်လမ်းလေး။ ခုနက ပြောသလို သူက တောပြန်ကြီးဘဝနဲ့ အိမ်ပြန်ရောက်တဲ့ အချိန်ပေါ့။ ခေါင်းတုံးဆံတောက်၊ နှုတ်ခမ်း မွေးကြီးနဲ့ လူကြမ်းကြီးဂိုက်။လူကလည်း သူပုန်လူထွက်ဆိုတော့ အားလုံးက ရှိန်ရတဲ့ အနေအထား။ အဲဒီမယ် သူက ကျောင်းဆရာမလေးကို ကြိုက်ကော။ မလေးမေ တဲ့။ အဲဒီမယ် သူက ကျောင်းဆရာမလေး ကျောင်းအသွား မနက်စောစောလမ်းမှာ စောင့်နေ နေရော။ မျက်နှာချင်း ဆိုင်မိတော့ အဖြူအစိမ်းဝတ် ဆရာမလေးက ကြောက်ရှာမှာပေါ့။ ဟို သူပုန်လူထွက်ကြီး ငါ့ကို ခါးထောက်ပြီး ကြည့်နေတယ်ဆိုပြီး မျက်လွှာလေး ချ၊ အသာ လေးရှေ့ကဖြတ်အလျှောက်၊ ဟေ့...နေဦး...” ဆိုပြီးတားကော။ ပြီးတာနဲ့ စာတစ်စောင် ကမ်းပေးတယ်။ "ရော့ ... ယူ” တဲ့။ ဆရာမလေးက ရှက်ရှက်နဲ့ “အို ... မတော်ပါဘူးရှင်၊ မယူနိုင်ပါဘူး” လို့ ပြန်ပြောတော့ ဘာလုပ်တယ် ထင်သလဲ။“ဘာ ... မယူဘူးဟုတ်လား၊ ယီးမှ မယူချင်နေ” ဆိုပြီး စာကို ဆုတ်ဖြဲပစ်လိုက်တယ်။ “ဒီမှာတော့ဖြင့် သူ့ကို မြတ်နိုးလွန်း လို့ တစ်ညလုံးမအိပ်ပဲ ရေးထားရတာ၊ တစ်တူးတယ်လိုမှပဲ . . .” လို့ ဆဲပြီး စာရွက်အပိုင်း အစတွေ လမ်းမပေါ်ပစ်ချပြီး ဒေါပွပွနဲ့ လစ်ကရောတဲ့။ တကယ့်လူကြီးဗျာ။ နောက်တော့ ဘယ်လိုဖြစ်တယ် မသိဘူး။ သူတို့နှစ်ယောက် ကြိုက်သွားတယ်။
အဲဒီမှာ နောက်ထပ် ဇာတ်ကွက်တစ်ခု။ မောင်ဗမာ စက်ဘီးလေးနဲ့ ဆရာမလေး မလေးမေကို တင်ပြီး မြို့ ပြင်ဘက်ကို နင်းတယ်။ ချိန်းတွေ့ကြတယ်ပေါ့။ မလေးမေက “အစ်ကို၊ လူပြတ်တဲ့နေရာ မသွားရဲဘူးတော်၊ မသွားပါနဲ့” လို့ ငြင်းတော့ အေးအေး ရတယ်ဆိုပြီး ဘယ်ခေါ်သွားတယ်မှတ်လဲ။ မြို့လယ်ခေါင်က ရုပ်ရှင်ရုံကို ခေါ်သွားရော။ လူတကာ လက်မှတ်ထိုးနေတဲ့ နေရာနားက အပေါ်ထပ်တက်တဲ့ လှေကားထစ်မှာ ထိုင်ပြီး လက်ကလေး ပါးကလေးကိုင်၊ ချစ်တယ် ဘာညာလုပ်ပစ်တာ။ တစ်မြို့လုံးက မြင်ပြီး ဟိုးဟိုးကျော်သွားရောတဲ့။
ဒါနဲ့ ဆရာမလေးက တစ်မြို့လုံး သိကုန်ပြီ။ လာတောင်းပါတော့ ဆိုတော့ နောက်တစ်မျိုး။ အဖေလုပ်တဲ့သူနဲ့ ရပ်ကွက်လူကြီးကို ဒီနားခဏဆိုပြီး မလေးမေမိဘ တွေရဲ့အိမ်ကို ခေါ်သွားတယ်။ ဟိုရောက်တော့မှ ကျွန်တော် မိန်းမလာတောင်းတာပါ လုပ်ရော။ ယောက္ခထီးလောင်းကြီးက “ဟာ ... ဒီလိုမလုပ်လို့မရဘူး၊ လူလေးနှစ်ယောက် နဲ့၊ လူကြီစုံရာနဲ့မှ” လို့ ကန့်ကွက်တော့ ချက်ချင်း ဒေါနဲ့ မောနဲ့ ထွက်လာပြီး သစ်ထုတ်လုပ် ရေးက တီအီးကားကြီးနဲ့ တစ်မြို့လုံးက အဘိုးကြီးတွေ ထိုင်နေကျ လက်ဖက်ရည်ဆိုင် တွေကို သွား၊ အကုန်ခေါ်တင်ပြီး ပြန်သွားရော။သတိုးသမီးလောင်းအိမ်ပေါ်မှာ အဘိုးကြီး တွေ အပြည့်နဲ့ ထိုင်စရာနေရာတောင် မရှိတော့ဘူးတဲ့။ ယောက္ခထီးကို မေးသေးတာ “ဦးလေး၊ လူကြီးတွေစုံတယ်နော်” တဲ့။ အဲဒီ လိုဂွတိုက်တာဗျ။
နောက် သူတို့ အိမ်ထောင်ကျတော့ ဆရာမလေးကို ဘယ်လိုခေါ်တယ် ထင် သတုံး။ “ညီမလေး” တဲ့။ ရေလည်နုတာ။ အသက်အရွယ် ရလာတဲ့အထိ ညီမလေးပဲ။ "ညီမလေး . . . ကိုယ်ဗိုက်ဆာတယ်၊ ထမင်းလေး ခူးကျွေးပါလား” ဘာညာ အဲဒီလိုတွေ မောင်ပါပီ ကြားဖူးခဲ့တယ်။ ထမင်းတွေ ဘာတွေ ပျော့သွားတဲ့အခါလည်း ”ညီမလေးရာ... ထမင်းတွေက ပျော့သွားတယ်၊ ရေရဲ့သိပ်သည်းဆကို ကိုယ်ဘယ်လို ရှင်းပြရမလဲဟင်..” ဘာညာဆိုပြီး အပြောလေးတွေက အဲဒီလိုရယ်။
အခုတော့ အဲဒီအဘိုးလေး ဆုံးရှာပါပြီ။
သူ့ဆရာမလေး အဘွားလေးမေဆီ တစ်ခါက
မောင်ပါပီ သွားလည်တော့ သူတို့အခန်းထဲက ကြွက်လျှောက်တန်းလေးပေါ်မှာ မြေဖြူခဲနဲ့
ရေးခြစ်ထားတဲ့စာကြောင်းလေးတစ်ခုတွေ့ခဲ့တယ်။ မင်္ဂလာဦးည၊
မင်းတို့အဘိုးလေး ရေးသွားခဲ့တာလေးပေါ့တဲ့ ။စာကြောင်းက မှိန်ဖျော့နေပါပြီ။
ရေးထားတာက ...
❝ ညီမလေးကို ကိုယ်ချစ်တယ် ... ❞ တဲ့ ။
• ပါပီယွန် - သည်းမြေဖြူ•
