6 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ ကျောက်ဖြူ၌လှုပ်ခတ်ခဲ့သည့်ငလျင်ကြောင့် သတိပြုနေထိုင်ကြရန်လိုအပ်ဟုဆို
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ဗဟိုပြု၍ ယနေ့(မေ ၁၉ ရက်) နံနက် ၁ နာရီ ၄၅ မိနစ် ၂၆ စက္ကန့်တွင် လှုပ်ခတ်ခဲ့သည့်ငလျင်နှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်ရှိဒေသနေပြည်သူများ ဂရုပြုနေထိုင်ကြရန် လိုအပ်ကြောင်း ငလျင်စောင့်ကြည့်လေ့လာသူများကပြောသည်။
အဆိုပါငလျင်မှာစစ်တွေမြေငလျင်စခန်းမှ အရှေ့တောင်ဘက် မိုင် ၉၀ ခန့်ကွာဝေးသော မြန်မာ့ပင်လယ်ပြင်ကျောက်ဖြူမြို့၏ တောင်ဘက် ၂၉ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၁၉ ဒသမ ၀၁ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၃ ဒသမ ၅၈ ဒီဂရီ၊ အနက် ၂၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်ခ်ျတာ စကေး ၅ ဒသမ ၁ အဆင့်ရှိငလျင်ဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
“ငလျင်ကထပ်လှုပ်တယ်ဆိုတာ ရခိုင်ကမ်းရိုးတန်းဘက်ကလှုပ်တာ။ အိန္ဒိယမြေထုချပ်နဲ့ မြန်မာဘက် က မြေထုချပ်နှစ်ခုဆုံပြီး အိန္ဒိယမြေထုချပ်ကမြန်မာဘက်ကမြေထုချပ်အောက်ကိုဝင်တာ။ အဲဒီနေရာမှာ အရင်ကလည်းလှုပ်ခဲ့ဖူးတယ်။ သူကစစ်ကိုင်းပြတ်ရွေ့တို့၊ ကဘော်ပြတ်ရွေ့တို့နဲ့တော့ မဆိုင်တော့ဘူး။ ငလျင်ကြီးလှုပ်ခဲ့တာ နှစ်အတော်ကြာပြီမို့ တစ်ချက်သတိထားဖို့တော့လိုမယ်။ ငလျင်ကကြိုခန့်မှန်း မရတာကြောင့် ကျွန်တော်လည်းပြောလို့မရလို့ ရခိုင်ဘက်ကလူတွေသတိထားကြဖို့ပဲမှာချင်ပါတယ်” ဟု မိုးလေဝသစောင့်ကြည့်လေ့လာသူဦးဝင်းနိုင်ကလည်း စံတော်ချိန်ဒစ်ဂျစ်တယ်သို့ပြောသည်။
ယင်းငလျင်လှုပ်ခတ်မှုနှင့်ပတ်သက်ပြီး ကျောက်ဖြူမြို့၌ထိခိုက်ပျက်စီးမှုရှိ၊ မရှိကို ဆက်သွယ်မေးမြန်း ရာမှာ လတ်တလောဖြစ်ပေါ်နေသည့်နိုင်ငံရေးအခြေအနေများနှင့် ဆက်သွယ်ရေးအခက်အခဲကြောင့် ဒေသခံများနှင့်ဆက်သွယ်နိုင်ခြင်းမရှိသေးပါ။
ရခိုင်ပြည်နယ်၌ လွန်ခဲ့သည့် ၁၇၆၂ ခုနှစ်၊ ဧပြီ ၂ ရက်၊ ညနေ ၅ နာရီခန့်တွင် ရခိုင်ကမ်းရိုးတန်း ငလျင်ကြီးဟုခေါ်ဆိုသည့် အင်အားပြင်ငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့ဖူးကြောင်း ရခိုင်နှင့်ပတ်သက်သည့် အချက်အလက်များကိုဖော်ပြပေးသည့် The Mog Nation Wiki ၏ အချက်အလက်များ အရသိရသည်။
သတင်း - အင်ကြင်း

image