“ယူကရိန်းပဋိပက္ခအဆုံးသတ်သွားပါက ဥရောပတွင်လက်နက်မှောင်ခိုမှုများနှင့်ဒုစရိုက်မှုများပေါများ လာမည် ဟု သုံးသပ်”
(နိုင်ငံတကာ) မေ ၁၉
ယူကရိန်းပဋိပက္ခအဆုံးသတ်သွားပါက ဥရောပအနေဖြင့် လက်နက်မှောင်ခိုမှုများအပြင် ဒုစရိုက်မှုမျိုးစုံကို ရင်ဆိုင်ရမည်ဖြစ်ကြောင်း ဦးဆောင်တတ်သိပညာရှင်များအဖွဲ့က သတိပေးချက်ထုတ်ပြန်ထားသည်။ယူကရိန်း၌ ကျန်ရစ်ခဲ့မည့် များပြားလှစွာသောစစ်လက်နက်ပစ္စည်းများကြောင့် လက်နက်ကြီးများအပါအဝင် လက်နက် အမျိုးမျိုးအတွက် မှောင်ခိုဈေးကွက်ကြီးကို ပေါ်ပေါက်လာစေနိုင်ကြောင်း Global Initiative Against Transnational Organized Crime (GI-TOC) အဖွဲ့က ထုတ်ပြန်ထားသည်။
အသေးစားမှောင်ခိုလုပ်မှုအနေဖြင့် ပစ္စတိုများ၊ ချေမှုန်းရေးရိုင်ဖယ်များနှင့် လက်ပစ်ဗုံးများသည် ဥရောပသို့ဝင်ရောက်လာနိုင်ကြောင်း၊ အကြီးစား အနေဖြင့်မူ ဒုံးပစ်လောင်ချာများ၊ ပခုံးထမ်းဒုံးများ၊ စက်သေနတ်ကြီးများနှင့် ချေမှုန်းရေးရိုင်ဖယ် အများအပြားကို ကွန်တိန်နာများဖြင့် ပဋိပက္ခများဖြစ်ပွားရာ အာဖရိက၊ အရှေ့အလယ်ပိုင်းနှင့် လက်တင်အမေရိက တို့သို့ပင် တင်ပို့လာနိုင်ကြောင်း ထိုတတ်သိပညာရှင်များအဖွဲ့၏သတိပေးချက်တွင် ဖော်ပြထားသည်။
အလားတူ လက်နက်များကို မှောင်ခိုလုပ်ခြင်းအပြင် ယူကရိန်းပဋိပက္ခ၌ပါဝင်တိုက်ခိုက်ခဲ့သည့် ပြည်ပ တိုက်ခိုက်ရေးသမားများ၊ ဆိုက်ဘာကျွမ်းကျင်သူများသည် ဒုစရိုက်သမားများ၏လက်အောက်သို့ ရောက်ရှိ သွားနိုင်ပြီး “ဒရုန်း၊ မူးယစ်ဆေး၊ ဒုစရိုက်သမား” ဆိုသည့်ပုံစံမျိုးဖြင့် ထွက်ပေါ်လာနိုင်ကြောင်း သတိပေးချက်တွင် ဆက်လက်ဖော်ပြထားသည်။
ယူကရိန်းပဋိပက္ခသည် နောက်ဆုံးတွင် ဒုစရိုက်သမားများ၊ လက်နက်မှောင်ခိုကူး သူများအတွက် နိဗ္ဗာန်ဘုံတစ်ခုသဖွယ်ဖြစ်လာနိုင်ကာ ထိုပဋိပက္ခမှအကျိုးအမြတ်ရရှိသွားနိုင်ကြောင်း ရုရှားက ကြိုတင်သတိပေးထားပြီးဖြစ်သည်ဟု Sputnik သတင်းဌာန ဖော်ြပချက်အရ သိရသည်။
