ဂါဇာမှာ အစ္စရေးရဲ့စစ်ဆင်ရေး တိုးချဲ့လာ၊ အကူအညီတွေ အကန့်အသတ်နဲ့သာ ဝင်ခွင့်ပြုမယ်
ဂါဇာစီးတီး၊ မေ-၁၉-၂၀၂၅
မျိုးဆက်(VOM)
အစ္စရေးစစ်တပ်ဟာ ဂါဇာမြောက်ပိုင်းနဲ့ တောင်ပိုင်းဒေသတွေမှာ မြေပြင်စစ်ဆင်ရေးတွေ ကျယ်ကျယ်ပြန့်ပြန်လုပ်ဆောင်မှု စတင်ခဲ့ကြောင်း ထုတ်ပြန်လိုက်ပါတယ်။
နယ်မြေအတွင်း စစ်ဆင်ရေးတွေ တိုးချဲ့လု်ပဆောင်တော့မယ်လို့ ပြီးခဲ့တဲ့နေ့က ကြေညာခဲ့တဲ့ အစ္စရေးဟာ လေကြာင်းတိုက်ခိုက်မှုတွေလည်း အပြင်းအထန်လုပ်ဆောင်ခဲ့ပြီး ဂါဇာတခွင်မှာ မြေပြင်တပ်တွေကိုလည်း တိုးချဲ့ချထားနေပါတယ်။
စစ်ဆင်ရေးစတင်ပြီးနောက် လက်နက်သိုလှောင်ရုံတွေအပါအဝင် ဟားမတ်စ်ပစ်မှတ် ၆၇၀ ကျော်ကို တိုက်ခိုက်ခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။ အစ္စရေးရဲ့တိုက်ခိုက်မှုတွေကြောင့် သုံးရက်အတွင်း လူ ၅၀၀ သေဆုံးခဲ့တယ်လို့ ဂါဇာတာဝန်ရှိသူတွေက ပြောပါတယ်။
အပစ်ရပ်ရေး ရည်ရွယ်တဲ့ ဆွေးနွေးပွဲတွေကိုတော့ ကာတာမှာပြုလုပ်နေပြီး နှစ်လကြာ အပစ်အခတ်ရပ်စဲရေး ပြန်ရဖို့အတွက် ဓါးစာခံအချို့ကို ပြန်လွှတ်ပေးရေးအတွက် ဟားမတ်စ်နဲ့ ကြားဝင်ဖြန်ဖြေတဲ့ ကိုယ်စားလှယ်အဖွဲ့တွေ ဆွေးနွေးနေပါတယ်။
ဒီအတောအတွင်း ဂါဇာအကူအညီတွေ ၁၀ ပတ်ကြာ ပိတ်ဆို့ထားခဲ့တဲ့ အစ္စရေးက စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုဆိုးရွားမလာစေရေးအတွက် အခြေခံလိုအပ်တဲ့ အကူအညီတွေကို ပမာဏသတ်မှတ်ပြီး ဝင်ရောက်ခွင့်ပြုမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီလိုပိတ်ဆို့မှုတွေ ရုပ်သိမ်းဖို့ အစ္စရေးကို နိုင်ငံတကာဖိအားပေးမှုတွေရှိနေခဲ့ပြီး အစ္စရေးကတော့ ဒါဟာ ဟားမတ်စ်တို့အပေါ် ဖိအားပေးနည်းလမ်းတခုလို့ ပြောပါတယ်။ အစ္စရေးရဲ့ ပိတ်ဆို့မှုတွေကြောင့် လူ ၂ ဒဿ ၁ သန်းဟာ ငတ်မွတ်ခေါင်းပါးမှုနဲ့ ရင်ဆိုင်ရနိုင်တယ်လို့ ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အေဂျင်စီတွေက သတိပေးထားပါတယ်။
Ref:CNA
Photo:Reuters
