#နိုင်ငံတကာသတင်း
◼လေကြောင်းထိန်းသိမ်းရေးစင်တာချို့ယွင်းမှုကြောင့် ပါရီလေဆိပ်တွင်နှစ်ရက်ဆက်တိုက်ဝရုန်းသုန်းကားဖြစ်
လေကြောင်းထိန်းသိမ်းရေးစင်တာ ချို့ယွင်းမှုကြောင့် ပြင်သစ်နိုင်ငံမြို့တော် ပါရီအော်လီလေဆိပ်တွင် ရာနှင့်ချီသော လေယာဉ်ခရီးစဉ်များအား နောက်ဆုတ်ရခြင်း၊ ဖျက်သိမ်းခြင်းများ ဖြစ်ပေါ်ပြီးနောက်တစ်ရက် ယနေ့ (မေ ၁၉ ရက်)တွင်လည်း ဝရုန်းသုန်းကား အခြေအနေများ ဆက်ရှိနေမည်ဖြစ်ကြောင်း လေကြောင်းအာဏာပိုင်အဖွဲ့က ပြောကြားသည်။
ယမန်နေ့က ဖြစ်ပေါ်ခဲ့သော ချို့ယွင်းမှုကြောင့် ခရီးသည်ထောင်ပေါင်းများစွာကို ထိခိုက်ခဲ့ပြီး အချို့ဆိုလျှင် ပြင်သစ်မြို့တော် ဒုတိယအကြီးဆုံးလေဆိပ်ရှိ လေယာဉ်ပေါ်သို့ ရောက်ရှိနေရာယူပြီးချိန်၌ ခရီးစဉ် ဖျက်သိမ်းမှု ကြုံရခြင်းဖြစ်သည်။
လေကြောင်း ထိန်းချုပ်ရေးစင်တာ ချို့ယွင်းမှုကြောင့် လေဆိပ်သို့ အဝင် နှင့် အထွက် လေယာဉ်ခရီးစဉ်ပေါင်း ၁၃၀ ခန့်ကို ဖျက်သိမ်းခဲ့ရကြောင်း တာဝန်ရှိသူများက ပြောကြားကြသည်။
ယင်းပြဿနာကို တနင်္ဂနွေနေ့ ညပိုင်းအထိ မဖြေရှင်းရသေးသောကြောင့် ယနေ့တွင် လေယာဉ်ခရီးစဉ်များကို ၁၅ ရာခိုင်နှုန်း လျှော့ချရန် လေကြောင်း လိုင်းများအား တောင်းဆိုထားကာ နှောင့်နှေးကြန့်ကြာမှုများ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သတိပေးထားသည်ဟု ပြင်သစ်အရပ်ဘက်လေကြောင်း အာဏာပိုင်အဖွဲ့ က ပြောသည်။
အခြေအနေက တိုးတက်လာခဲ့သော်လည်း အကန့်အသတ်များ ရှိနေဆဲဖြစ်ကြောင်း အာဏာပိုင်များက ပြောကြားသည်။
လေကြောင်း ထိန်းချုပ်ရေး ချို့ယွင်းမှုကို အာဏာပိုင်များက အပြစ်တင်ထားသော်လည်း ရေဒါအလုပ်မလုပ်သောကြောင့် ဟု လေဆိပ်သတင်းရင်းမြစ်တစ်ဦး က ဆိုသည်။
ထိခိုက်ခဲ့သော ခရီးစဉ်များတွင် ဥရောပနှင့် မြောက်အမေရိကသို့ ပျံသန်းမည့် ခရီးစဉ်များ ပြင်သစ်ပြည်တွင်းလေကြောင်း ခရီးစဉ်များပါဝင်ခဲ့ကာ အခြားသယ်ယူပို့ဆောင်ရေး နည်းလမ်းများအား ကတိုက်ကရိုက် ရှာဖွေမှုများနှင့်အတူ လေဆိပ်တာမင်နယ်များတွင် ရှည်းလျားသောတန်းစီစောင့်ဆိုင်းမှုများ ဖြစ်ပေါ်ခဲ့သည်။
“ ကျွန်တော်တို့က လေယာဉ်ပေါ်ကို ရောက်ပြီး ကိုယ့်နေရာမှာတောင်ကိုယ်ထိုင်နေကြပြီး သွားဖို့တောင် အသင့်ဖြစ်နေချိန်မှာ လေယာဉ်ပေါ်က ပြန်ဆင်း ကိုယ့်အိတ် ကိုယ်ပြန်ယူပြီး ဒုက္ခသုက္ခတွေ စတော့တာပဲ။” ဟု အသက် ၆၃ နှစ်အရွယ် လုပ်ငန်းရှင် အက်ဇ်ဂယ်အဘီချူက ပြောသည်။
သတင်း-ရဲမင်း
ကိုးကား-AFP
