1 w - Translate

#ပြည်တွင်းသတင်း
◼ အမျိုးသားတစ်ဦးကို ခါးပိုက်နှိုက်များက အုပ်စုဖွဲ့ရိုက်နှက်
ရန်ကုန်မြို့လယ်ရှိ ပန်းဆိုးတန်းလမ်းနှင့်ကမ်းနားလမ်းထောင့်၌ YBS စီးနင်းသူလူငယ်တစ်ဦးကို ခါးပိုက်နှိုက်ဟုဆိုသူများမှ အုပ်စုဖွဲ့ရိုက်နှက်မှု ယနေ့(မေ ၁၉ ရက်) နံနက်ပိုင်းတွင်ဖြစ်ပွားခဲ့ကြောင်း ကိုပူတူးနှင့်ဘော်ဒါများလူမှုကူညီရေးအသင်းထံမှသိရသည်။
ယနေ့နံနက် ၈ နာရီ ၄၅ မိနစ်တွင် အမျိုးသားတစ်ဦးသွေးထွက်ဒဏ်ရာများဖြင့် လမ်းပေါ်တွင်လဲကျနေသည်ဟု ဆက်သွယ်လာခြင်းကြောင့် သွားရောက်ကူညီခဲ့ခြင်းဖြစ်ကြောင်း ယင်းအသင်းမှတာဝန်ရှိသူတစ်ဦးက ပြောသည်။
“အသက်(၂၀) ဝန်းကျင်ကလေးတစ်ယောက် ခေါင်းမှာသွေးတွေနဲ့လဲနေတယ်။ ဝိုင်းရိုက်ခံထားရတယ် ဆိုပြီး အကူညီတောင်းတဲ့ဖုန်းပေါ့။ ရောက်တော့ ကောင်လေးကသတိလစ်နေတယ်။ ခေါင်းမှာလည်း ပေါက်ပြဲဒဏ်ရာ၊ ပြတ်ရှဒဏ်ရာတွေ့ရတယ်။ ဖြစ်စဉ်ကပတ်ဝန်းကျင်ကိုမေးကြည့်တော့ YBS ပေါ်မှာ ခါးပိုက်နှိုက်ခံရတာလို့သိရတယ်။ ခါးပှိုက်နှိုက်တွေက ကားပေါ်ကကန်ချပြီး အောက်မှာအုပ်စုဖွဲ့ဝိုင်းရိုက် ကြတာလို့ပြောတယ်။ ဘယ်ကားနံပါတ်လဲတော့မသိရဘူး။ မြေပြင်ကုသမှုတွေလုပ်ပြီး ကားပေါ်မှာတင် သတိပြန်ရလာပါပြီ” ဟု ၎င်းကပြောသည်။
ရိုက်နှက်ခံရသူမှာအသက်(၁၉) နှစ်အရွယ်ရှိ အမျိုးသားတစ်ဦးဖြစ်ပြီး ဦးခေါင်းညာဘက်ဂျိုစောင်းတွင် ပေါက်ပြဲဒဏ်ရာများရရှိခဲ့ကြောင်း၊ လက်ရှိတွင်ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ပြီး လူနာနှင့် ပတ်သက်သည့်အချက်အလက်အသေးစိတ်နှင့်နောက်ဆက်တွဲအခြေအနေအားမသိရှိကြောင်း ကိုပူတူးနှင့်ဘော်ဒါများလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးကပြောသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - ကိုပူတူးနှင့်ဘော်ဒါများ

image