#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါလက်စတိုင်းများကို လစ်ဗျားသို့ ပို့မည့်သတင်း မှန်ကန်မှုမရှိကြောင်း အမေရိကန်သံရုံးငြင်းဆို
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားနိုင်ငံသို့ ပို့ဆောင်နေရာချရန် အမေရိကန်အစိုးရက စီစဉ်နေပြီဆိုသော သတင်းများကို လစ်ဗျားနိုင်ငံထရီပိုလီမြို့တော်အခြေစိုက်အမေရိကန်သံရုံးက မေ ၁၈ ရက်တွင် ငြင်းပယ်လိုက်ကြောင်း သိရသည်။
ဂါဇာကမ်းမြောင်ဒေသမှ ပါလက်စတိုင်းလူမျိုးတစ်သန်းအား လစ်ဗျားသို့ပို့ဆောင်၍ အမြဲတမ်းနေရာချထားမည့် အစီအစဉ်တစ်ရပ်ကို အမေရိကန်အစိုးရက အကောင်အထည်ဖော်နေကြောင်း အင်န်ဘီစီသတင်းဌာနက မေ ၁၆ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အမေရိကန်အစိုးရ သတင်းအရင်းအမြစ်များ၏ ပြောကြားချက် ကိုကိုးကား၍ အထက်ပါသတင်းအား အင်န်ဘီစီသတင်းဌာနက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
သို့ရာတွင် ဂါဇာကမ်းမြောင်မှ ပါလက်စတိုင်း လူမျိုးများအား လစ်ဗျားသို့ပို့ဆောင်နေရာချရန် စီစဉ်နေသည်ဟူသော သတင်းမှာ မှန်ကန်မှုမရှိကြောင်း လစ်ဗျားနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးက ၎င်း၏ လူမှုမီဒီယာစာမျက်နှာပေါ်တွင် ရှင်းလင်းချက်ထုတ်ပြန်ခဲ့သည်။
အင်န်ဘီစီ သတင်းဌာန၏ သတင်းနှင့်ပတ်သက်၍ ထရီပိုလီမြို့ တော်အခြေစိုက် နိုင်ငံတကာအသိအမှတ်ပြု လစ်ဗျားအမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့က တစ်စုံတစ်ရာတုံ့ပြန်ပြောကြားခြင်း မရှိပေ။
အမေရိကန် ပြည်ထောင်စု အနေဖြင့် ဂါဇာကမ်းမြောင်ဒေသကို လက်လွှဲရယူ၍ ယင်းဒေသရှိပါလက်စတိုင်းလူမျိုးများအား အခြားနေရာများသို့ ရွှေ့ပြောင်းနေရာချလိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ကပြောကြားခဲ့ဖူးသည်။
ယင်းအပြင် ဂါဇာကမ်းမြောင်ဒေသကို လက်လွှဲရယူခဲ့သည့် ဆန္ဒ အား အမေရိကန်သမ္မတဒေါ်နယ်ထရန့်က ယခုသီတင်းပတ်တွင် သွားရောက်ခဲ့သော ကာတာခရီးစဉ်အတွင်း ထပ်လောင်း အတည်ပြုခဲ့သည်။
ဂါဇာကမ်းမြောင်ဒေသမှ အခြားနေရာများသို့ ထွက်ခွာပေးရမည့် မည်သည့်အစီအစဉ်မျိုးကိုမဆို ဂါဇာဒေသနေ ပါလက်စတိုင်းလူမျိုးများက အပြင်းအထန်ကန့်ကွက်ထားကြသည်။
ရိုက်တာ
