#နိုင်ငံတကာသတင်း
◼အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်တွင်ပြင်းထန်ဆီးကျိတ်ကင်ဆာတွေ့ရှိ
အမေရိကန်သမ္မတဟောင်း ဂျိုးဘိုင်ဒန်တွင် အရိုးအထိပျံ့နှံ့နေသည့်ပြင်းထန်အဆင့် ဆီးကျိတ်ကင်ဆာကို တွေ့ရှိခဲ့ကြောင်း ၎င်း၏ ရုံးက ယမန်နေ့တွင်ထုတ်ပြန်ပြောကြားသည်။
အသက် ၈၂ နှစ်ရှိပြီဖြစ်သော ဘိုင်ဒန်သည် ဆီးသွားချိန်၌ မသင်္ကာဖွယ်ရာ လက္ခဏာများ ခံစားခံရပြီးနောက် ရောဂါရှိကြောင်း သောကြာနေ့တွင် စစ်ဆေးတွေ့ရှိခဲ့ပြီး ၎င်းနှင့် ၎င်း၏မိသားစုက ကုသနိုင်မည့်နည်းလမ်းများကို ဆရာဝန်များနှင့် တိုင်ပင်ဆွးနွေးနေကြောင်း ထုတ်ပြန်ချက်က ဆက်လက်ဖော်ပြသည်။
ရောဂါမှာ ကူးစက်မှုလျင်မြန်သောပုံစံဖြစ်သော်လည်း ဟော်မုန်းများအား တုံ့ပြန်မှုရှိသောကြောင့် ထိရောက်စွာ ကုသနိုင်မည့် အလားအလာရှိကြောင်း ၎င်း၏ရုံး ထုတ်ပြန်ချက် က ဆိုသည်။
အခြားနေရာများသို့ ပျံ့နှံ့သွားသောကင်ဆာရောဂါများအား အဆင့် ( ၄ )ဟု ယူဆကြပြီး အမြင့်ဆုံးအဆင့်ဖြစ်ကြောင်း နှင့် အများအားဖြင့် ဆီးကျိတ်ကင်ဆာများကို အစောပိုင်းအဆင့်များ၌ သိရှိကြလေ့ရှိကြောင်း ရိုက်တာသတင်းက ဖော်ပြသည်။
၂၀၂၁ ခုနှစ်အတွင်း ဆီးကျိတ်ကင်ဆာဖြစ်ပွားမှု ၂၃၆ ၆၅၉ မှု ရှိခဲ့ပြီး ၇၀ ရာခိုင်နှုန်းအား ဆီးကျိတ်ပြင်ပသို့ မပျံ့မီ တွေ့ရှိခဲ့ကြောင်း နှင့် ၈ ရာခိုင်နှုန်း ခန့်ကိုသာ အခြားနေရာများသို့ ပျံ့နှံ့ပြီးနောက် တွေ့ရှိခဲ့ကြောင်း အမေရိကန် ရောဂါကာကွယ်ရေးနှင့်ထိန်းချုပ်ရေးစင်တာ မှ အချက်အလက်များအရ သိရသည်။
ဇန်နဝါရီလတွင် သမ္မတဖြစ်လာခဲ့ပြီးနောက် ဘိုင်ဒန်ကို အကြိမ်ကြိမ် တိုက်ခိုက်ပြောဆိုခဲ့သော လက်ရှိသမ္မတ ထရန့်က ဘိုင်ဒန် နှင့် ဇနီးသည် ဂျီးလ်တို့အတွက် ဂရုဏာသက်ကြောင်း ပြောကြားသည်။
ဂျိုးဘိုင်ဒန်၏ မကြာသေးမီက ဆေးစစ်ချက်ရောဂါတွေ့ရှိမှုအကြောင်း ကြားသိရသည့်အတွက် မယ်လနီယာနှင့် မိမိတို့အား ဝမ်းနည်းစေခဲ့ပါကြောင်း ၊ ဂျီလ်းဘိုင်ဒန် နှင့် မိသားစုထံ အနွေးထွေးဆုံးနှင့်အကောင်းဆုံးဆုတောင်း စကားများပေးပို့ပါကြောင်း နှင့် ဂျိုးဘိုင်ဒန်လည်း အမြန်ဆုံးနဲ့ အောင်မြင်စွာပြန်လည် ကျန်းမာလာပါစေ‌ရန် ဆုမွန်ကောင်းပို့သကြောင်း ထရန့်က ၎င်း၏ Truth ဆိုရှယ်မီဒီယာပေါ်တွင် ရေးသားခဲ့သည်။
အဆင့် ၁၀ တွင် ၉ အထိ ရောက်ရှိနေခြင်းမှာ အလွန်အန္တရာယ်များသော်လည်း အခြားနေရာများသို့ ကူးစက်နေပြီဖြစ်သော ဆီးကျိတ်ကင်ဆာရောဂါသည် အမျိုးသားများသည် ၅ နှစ်မှ ၁၀ နှစ် ၊ ထို့ထက်မကလည်း ဆက်လက် အသက်ရှင် နေထိုင်နိုင်ကြောင်း NYU Langone ဆေးရုံမှ ပညာရှင်ဖြစ်သူ ‌ဒေါက်တာဟာဘတ်လီပါ က ပြောကြားသည်။
ရောဂါရင့်နေပြီဖြစ်သော ဆီးကျိတ်ကင်ဆာရောဂါ ကုသရေးနှင့်ပတ်သက်၍ ပြီးခဲ့သည့် ဆယ်နှစ်အတွင်း၌ တိုးတက်မှု များစွာရှိလာခဲ့ကြောင်း ၎င်းက ဆက်လက်ပြောသည်။
Northwestern Health Network ကင်ဆာအစီအစဉ်မှ ဆေးဘက်ဆိုင်ရာဒါရိုက်တာ ဒေါက်တာခရစ်ဂျော့ချ်ကမူ အရိုးသို့ပျံ့နှံ့‌နေသော ဆီးကျိတ်ကင်ဆာများမှာ ကုသ၍မရတော့သော်လည်း ထိန်းချုပ်နိုင်သော နည်းလမ်းများ ရှိကြောင်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား- Reuters

image