#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ကမ္ဘာ့အပျော်ရွှင်ရဆုံး မြို့တော်ကြီးများစာရင်း တတိယနေရာတွင် စင်ကာပူရပ်တည်
၂ဝ၂၅ ခုနှစ်၏ အပျော်ရွှင်ရဆုံးကမ္ဘာမြို့တော်ကြီးများ စာရင်းကို ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်အခြေစိုက် ဘဝအရည်အသွေး အင်စတီကျုက မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့ရာ ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့က ကမ္ဘာ့အပျော်ရွှင်ရဆုံးမြို့တော်အဖြစ် ရပ်တည်နေပြီး ဆွစ်ဇာလန်နိုင်ငံဇူးရစ်မြို့က ဒုတိယမြောက်အပျော်ရွှင်ရဆုံး ကမ္ဘာ့မြို့တော်အဖြစ် ရပ်တည်နေကြောင်း သိရသည်။
အရှေ့တောင်အာရှနိုင်ငံတစ်နိုင်ငံဖြစ်သည့် စင်ကာပူနိုင်ငံ၏ စင်ကာပူမြို့တော်မှာ အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်ကြီးများ စာရင်း၌ အဆင့်(၃)နေရာတွင် ရပ်တည်လျက်ရှိသည်။
အလားတူ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်နှင့် တရုတ်(တိုင်ပေ) ကျွန်း တိုင်ပေမြို့တော်တို့မှာ ဆဋ္ဌမမြောက်အပျော်ရွှင်ရဆုံးနှင့် အဋ္ဌမမြောက်အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်များအဖြစ် ရပ်တည်နေကြောင်း သိရသည်။
ကမ္ဘာ့အပျော်ရွှင်ရဆုံးမြို့တော်ကြီးများစာရင်း၌ တတိယနေရာတွင် စင်ကာပူမြို့တော်ရပ်တည်နိုင်မှုတွင် ပညာရေးနှင့်တီထွင်ဆန်းသစ်မှုတို့အဓိကအခန်းကဏ္ဍမှ ပါဝင်နေကြောင်း ဘဝအရည်အသွေး အင်စတီကျုက သုံးသပ်ထားသည်။
ဘဝအရည်အသွေး အင်စတီကျုအနေဖြင့်အပျော်ရွှင်ရဆုံးကမ္ဘာ့မြို့တော်ကြီးများ စာရင်းကိုပြုလုပ်ရာတွင် ယင်းမြို့တော်ကြီးများ၌ နေထိုင်သူများ၏ပျော်ရွှင်မှုအပေါ် အကျိုးသက်ရောက်မှုရှိသည့်အချက်များဖြစ်သော နိုင်ငံသား၊ အုပ်ချုပ်မှု၊ သဘာဝပတ်ဝန်းကျင်၊ စီးပွားရေး၊ ကျန်းမာရေးနှင့်လွတ်လပ်စွာ သွားလာနိုင်မှုတို့ကို လေ့လာဆန်းစစ်ပြီးနောက်ပြုလုပ်ခဲ့ခြင်းဖြစ်သည်။
မေ ၁၈ ရက်တွင် ထုတ်ပြန်ခဲ့သောကမ္ဘာ့အပျော်ရွှင်ရဆုံး မြို့တော်ကြီးများ စာရင်းသည် ဘဝအရည်အသွေးအင်စတီကျုက ထုတ်ပြန်ခဲ့သည့် ခြောက်ခုမြောက်စာရင်းဖြစ်သည်။
စီအင်န်အေ
