စင်ကာပူရဲ့အရောင်းရဆုံးကား brand ဖြစ်လာတဲ့ BYD
တရုတ်လျှပ်စစ်ကားကုမ္ပဏီ BYD က ပထမဆုံးအကြိမ် စင်ကာပူရဲ့ အရောင်းရဆုံးကားတံဆိပ် ဖြစ်လာပါတယ်။
Toyota ကြီးစိုးနေတဲ့ စင်ကာပူဈေးကွက်မှာ BYD က ထိပ်ဆုံးရောက်လာတာ ဖြစ်ပြီး ၂၀၂၅ လေးလအတွင်း အစီးရေ ၃၀၀၂ စီးရောင်းချနိုင်ခဲ့တာပါ။ ဒါက စင်ကာပူကားဈေးကွက်ထဲ ရောင်းရသမျှကားအရေအတွက်ရဲ့ ၂၀% ဖြစ်လို့ BYD လူကြိုက်များမှုက အတော်မြင့်တယ်လို့ ပြောရမှာပါ။
BYD ရဲ့ အဓိကပြိုင်ဘက် Toyota နဲ့ Tesla တို့က ဒီ ၄ လအတွင်းမှာ ကားအစီးရေ ၂၀၅၀ နဲ့ ၅၃၅ စီး ရောင်းချနိုင်ခဲ့တာနဲ့ ယှဉ်ကြည့်လို့ ရပါတယ်။ မနှစ်က စင်ကာပူမှာ Toyota ကားအစီးရေ ၇၈၇၆ စီး ရောင်းနိုင်ခဲ့ပြီး BYD က ၆၁၉၁ စီး ရောင်းနိုင်ခဲ့ပါတယ်။
စင်ကာပူဈေးကွက်ထဲ BYD က ၂၀၂၂ မှာ စဝင်ပါတယ်။ အဲ့ဒီအချိန် Tesla က စင်ကာပူရောက်နေတာ တစ်နှစ်ကျော်ပြီ ဖြစ်ပါတယ်။ စင်ကာပူရောက်ပြီးကတည်းက BYD ကားရောင်းအားက ဆက်တိုက်ထိုးတက်လာနေတာပါ။ ၂၀၂၃ မှာ BYD ရောင်းအား နှစ်ဆတိုးပြီး ၁၄၁၆ စီးအထိ ရှိခဲ့ပါတယ်။
BYD က ထိုင်းလိုမျိုး အရှေ့တောင်အာရှဈေးကွက်တွေမှာလည်း အောင်မြင်မှု ရထားပါတယ်။ ၂၀၃၀ မှာဆို BYD ကားရဲ့ ထက်ဝက်ကို နိုင်ငံခြားဈေးကွက်တွေမှာ ရောင်းနိုင်ဖို့အထိ အိပ်မက်ရှိနေပါတယ်။
