အမေရိကန်ကို ရောက်နေတဲ့ မက္ကဆီကိုရေတပ်သင်္ဘော နယူးယောက် ဘရွတ်ကလင်းတံတားကို ဝင်တိုက်
ဝါရှင်တန်၊ မေ-၁၈-၂၀၂၅
ရတီ(VOM)
အမေရိကန်ကို ရောက်ရှိနေတဲ့ မက္ကဆီကိုရေတပ် လေ့ကျင့်ရေးသင်္ဘောကြီးဟာ နယူးယောက်မြို့ရှိ ဘရွတ်ကလင်းတံတားကို တိုက်မိပျက်စီးသွားတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
အဲဒီသင်္ဘောဟာ ဒေသစံတော်ချိန် စနေနေ့ညပိုင်းက ကျော်ကြားလှတဲ့ ဘရွတ်ကလင်းတံတားအောက်ကို ခုတ်မောင်းလာစဉ် ကြီးမားတဲ့ ရွက်တိုင်တွေနဲ့ တိုက်မိခဲ့ပါတယ်။ ရွက်တိုင်တွေရဲ့ အစိတ်အပိုင်းတွေဟာ ကုန်းပတ်ပေါ်ကို ပြုတ်ကျပြီးနောက် ဒဏ်ရာရသူတွေရှိတယ်လို့ တာဝန်ရှိသူတွေကို ကိုးကားပြီး သတင်းဌာနတွေက ဆိုပါတယ်။
မက္ကဆီကို ရေတပ်ကလည်း သင်္ဘောပျက်စီးမှုကို အတည်ပြုထားပြီး အဖြစ်အပျက်နဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြောပါတယ်။ ဒဏ်ရာရသူတွေကို ကယ်ဆယ်ရေးတုံ့ပြန်ဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ နယူးယောက်မီးသတ်ဌာနက ပြောပါတယ်။
လူ၂၂ ယောက်ဒဏ်ရာရခဲ့ပြီး သင်္ဘော သို့မဟုတ် တံတားပေါ်မှာ ထိခိုက်မှုအတိုင်းအတာ ဘယ်လောက်ရှိလဲဆိုတာကိုတော့ အာဏာပိုင်တွေက အသေးစိတ်ထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခြေအနေကို အသေးစိတ် အကဲဖြတ်နေဆဲလို့ ဆိုပါတယ်။
နယူးယောက်မြို့တော်ဝန် အဲရစ်အဒမ်ဟာလည်း အခင်းဖြစ်ပွားရာနေရာကို သွားရောက်ခဲ့ပါတယ်။ မက္ကဆီကို စစ်သင်္ဘောပေါ်မှာ အမှုထမ်း ၂၀၀ ကျော်လိုက်ပါခဲ့ပြီး နယူးယောက်မြို့ကို ချစ်ကြည်ရေး အလည်အပတ် လာရောက်တာလို့ အမေရိကန်သတင်းဌာနတွေက ဖော်ပြထားပါတယ်။
Ref:BBC
Photo:Getty Images

image