#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂါဇာမှ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်စီစဉ်နေဟုဆို
ဂါဇာကမ်းမြောင်ဒေသရှိပါလက်စတိုင်းလူမျိုး တစ်သန်းအထိအား လစ်ဗျားနိုင်ငံသို့ပို့ဆောင်၍ အမြဲတမ်းနေရာချထားမည့်အစီအစဉ်တစ်ရပ်ကို သမ္မတဒေါ်နယ်ထရန့်ဦးဆောင်သော အမေရိကန် အစိုးရကရေးဆွဲနေကြောင်း အင်န်ဘီစီသတင်းဌာနက မေ ၁၆ ရက်တွင် ရေးသားတင်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ ပါလက်စတိုင်းလူမျိုးတစ်သန်းကို လစ်ဗျားသို့ပို့ဆောင်နေရာချထားရေးအတွက် အမေရိကန်အစိုးရက လစ်ဗျားခေါင်းဆောင်များနှင့် ဆွေးနွေးနေကြောင်း သတင်း အရင်းအမြစ်များက မီဒီယာများသို့ထုတ်ဖော်ပြောကြားထားသည်။
လစ်ဗျားနိုင်ငံအနေဖြင့် ပါလက်စတိုင်းလူမျိုးများကို လက်ခံခဲ့ပါက အပြန်အလှန်အနေဖြင့် အမေရိကန်အစိုးရက ထုတ်ယူခွင့်ပိတ်ထားသော လစ်ဗျားနိုင်ငံပိုင် အမေရိကန်ဒေါ်လာငွေကြေးများကို ပြန်ထုတ်ပေးမည်ဖြစ်သည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ဂါဇာဒေသပိုင်ဆိုင်မှုကို လက်လွှဲရယူ၍ ယင်းဒေသကို လွတ်လပ်မှုဇုန်အဖြစ် ပြောင်းလဲ တည်ဆောက်လိုကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ကာတာခရီးစဉ်အတွင်း ပြောကြားထားသည်။
ပါလက်စတိုင်းလူမျိုး တစ်သန်းကို လစ်ဗျားသို့ ပို့ဆောင်နေရာချထားရေးအစီအစဉ်မှာ ထောက်ပို့ပြဿနာ၊ ဘဏ္ဍာရေး ပြဿနာများနှင့် ရင်ဆိုင်ရနိုင်ကြောင်း သိရသည်။
လစ်ဗျားနိုင်ငံသည် အာဏာရှင်ခေါင်းဆောင်ဟောင်း မွမ်မာကဒါဖီဖြုတ်ချခံခဲ့ရသော ၂ဝ၁၁ ခုနှစ်မှစ၍ ပြည်တွင်းစစ်ရေးပဋိပက္ခများနှင့် ရင်ဆိုင်နေရသည်။ ပါလက်စတိုင်းလူမျိုး တစ်သန်းကို ဂါဇာမှ လစ်ဗျားသို့ ရွှေ့ပြောင်းနေရာချရန် အမေရိကန်အစိုးရက စီစဉ်နေသည်ဟူသော သတင်းများကို အိမ်ဖြူတော်တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
ရိုက်တာ

image