#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ဂျပန်စစ်ဘက်လေယာဉ်တစ်စင်းပျက်ကျမှု အမှုထမ်းနှစ်ဦး ပျောက်ဆုံးနေ
ဂျပန်စစ်ဘက်လေ့ကျင့်ရေးလေယာဉ်တစ်စင်းသည် နိုင်ငံအလယ်ပိုင်း ရေလှောင်တမံအတွင်းပျက်ကျသွားပြီးနောက် အမှုထမ်းနှစ်ဦး ပျောက်ဆုံးနေကြောင်း တာဝန်ရှိသူများက မေ ၁၅ ရက်တွင်ပြော သည်။
လေယာဉ်အမှုထမ်းနှစ်ဦး လိုက်ပါလာသည့် တီ-၄ အလတ်စား လေယာဉ်သည် မေ ၁၄ ရက် မွန်းလွဲပိုင်းတွင် အိုင်ချီစီရင်စု အိုင်နီယာမာမြို့ အိုင်ယူကိုင်ကီရေလှောင်တမံအတွင်း ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်သည်။
လေယာဉ်သည် စီရင်စုအတွင်းရှိ လေတပ် စခန်းမှ ညနေ ၃ နာရီ ၆ မိနစ်တွင်ပျံတက်ခဲ့ပြီး နှစ်မိနစ်အကြာလေယာဉ်သည် ရေဒါပေါ်မှ ပျောက်ကွယ်သွားခဲ့သည်။ လေယာဉ်အစိတ်အပိုင်းများကို ရေလှောင်တမံအနီး ရှာတွေ့ခဲ့သော်လည်းအမှုထမ်းနှစ်ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်သည်။
အခင်းဖြစ်ရာအနီးတွင် ထိခိုက်ဒဏ်ရာရသူမရှိဟု ဂျပန်စစ်ဘက်က ပြောသည်။ လေယာဉ်သည် နိုင်ငံအနောက်တောင်ပိုင်း မီယာဇာကီစီရင်စုရှိလေတပ်စခန်းမှဖြစ်ပြီး ပျက်ကျမှုကို စုံစမ်းစစ်ဆေးနေကြောင်း၊ ရှာဖွေရေးများလည်း ဆက်လက်လုပ်ဆောင်နေကြောင်း ပြောသည်။
လေယာဉ်ပျက်ကျချိန်တွင် အမှုထမ်းများသည် အရေးပေါ်အချက်ပြ အကူအညီတောင်းခံခြင်း၊ အရေးပေါ် ခုန်ထွက်ခြင်းများ ပြုလုပ်ခြင်းမရှိခဲ့ကြောင်း သတင်းရင်းမြစ်များကို ကိုးကား၍ သတင်းဌာနများကဖော်ပြထားသည်။
အင်န်အိတ်ချ်ကေ

image