အိမ်အပြင်သို့ထွက်တိုင်း
သင်၏မေးကိုတင်း၍ ခေါင်းကို
ခပ်မတ်မတ်ထားပါ။
အသက်ပြင်းပြင်းရှိုက်၍ နေရောင်ကိုခံပါ။
သင်၏မိတ်ဆွေများကိုပြုံး၍
နှုတ်ဆက်ပြီးလျှင် လက်ဆွဲနှုတ်ဆက်ပါ။
တစ်ဖက်သား အထင်မှားမှာကို
မကြောက်ပါနှင့်။ သင်၏ ရန်သူများ
အကြောင်းကို အချိန်ကုန်ခံ၍ မစဉ်းစားပါနှင့်။
သင်လုပ်လိုသောအလုပ်ကို
သင်၏စိတ်ထဲတွင် စွဲနေပါစေ။
ထို့နောက် လမ်းကွေ့မနေဘဲ
သင်အလိုရှိသောကိစ္စကိုဆုံးခန်းတိုင်အောင်
ဖြောင့်ဖြောင့်တန်းတန်း သွားပါ။
သင်လုပ်ချင်သော ကြီးကျယ်ခမ်းနားသည့်
အလုပ်များပေါ်တွင် အစဉ်သတိရရှိပါစေ။
ထို့နောက် ရက်အတော်ကြာလာသောအခါ
သန္တာပိုးသည် တသွင်သွင်စီးလျက်ရှိသော
ရေအလျဉ်မှ မိမိအလိုရှိသော အစာကို
ရအောင် ယူဘိသကဲ့သို့ သင်လုပ်လိုသော
အလုပ်၏ အောင်မြင်ခြင်းအတွက်
လိုအပ်သော အခွင့်အလမ်းကောင်းများကို
သင်ကိုယ်တိုင် မသိမသာ ဆုပ်ကိုင်မိလျက်
ရှိကြောင်းကို သင်သည်တွေ့ရပေလိမ့်မည်။
သင်ဖြစ်လိုသော
လူစွမ်းကောင်းတစ်ယောက်ဘဝကို
သင်ကိုယ်တိုင် စဉ်းစားကြည့်ပါ။
ထိုစဉ်းစားချက်သည် နာရီနှင့်အမျှ
သင်ဖြစ်လိုသောဘဝသို့ သင့်ကို
ပြောင်းလဲပေးနေပေလိမ့်မည်။
အကြံအစည်သည် တန်ခိုးအကြီးဆုံးဖြစ်၏။
ရဲရင့်ခြင်း၊ ဖြောင့်မှန်ခြင်း၊
ရွှင်လန်းခြင်းတည်းဟူသော
စိတ်ထားမှန်တို့ကို ရအောင်ရှာ၍
ထိုစိတ်ထားတို့ကို မပျောက်ပျက်ရအောင်
ထိန်းသိမ်းပါ။ အမှန်ကို စိတ်ကူးနိုင်ခြင်းဖြင့်
ကိစ္စတစ်ခုကို ပြီးမြောက်အောင်
လုပ်နိုင်လိမ့်မည်။ အားလုံးသော
အရာတို့သည် ဆန္ဒမှပေါက်ဖွားလာကြ၍
အဟုတ် တကယ် အလိုရှိလာလျှင်
ဧကန်အမှန် ရသည်ချည်းသာ ဖြစ်၏။
ကျွန်ုပ်တို့၏စိတ်က စွဲလမ်းသည့်အတိုင်း
ကျွန်ုပ်တို့ ဖြစ်လာရတော့သည်။
သင်၏မေးကိုတင်း၍
ခေါင်းကို ခပ်မတ်မတ်ထားပါ။
ကျွန်ုပ်တို့သည် မီးခဲပြာဖုံးများ ဖြစ်ကြ၏။
▫️ဦးနု▫️
လူအများအပေါ်တွင်သြဇာညောင်းရန်နှင့်
မိတ်ဆွေပေါများရန်
❛ မိ တ်တ ဗ လ ဋီ ကာ ❜ အပါအဝင်
▫️ဦးနု စာအုပ်များစုစည်းမှု ▫️
