ရေနဲ့ဓာတ်ဆားဓာတ် လိုအပ်နေတာကို ဘယ်လိုဖြည့်တင်းနိုင်မလဲ
ဓာတ်ဆားဓာတ် နည်းနေတာကို မဖြည့်ခင်မှာ သိထားရမယ့် အချက်နှစ်ခုရှိပါတယ်။
ပထမ တစ်ခုက ရေနဲ့ဓာတ်ဆားဓာတ် နည်းနေကြောင်း ပြသတဲ့ လက္ခဏာက တခြားသော ရောဂါတွေမှာလည်း တွေ့ရတတ်တာကြောင့် တကယ်ပဲ ရေနဲ့ဓာတ်ဆားဓာတ် နည်းလို့လား၊ တခြားရောဂါကြောင့်လားဆိုတာ သိဖို့ ဆရာဝန်နဲ့ အရင်ပြသဖို့ လိုပါတယ်။
ဒုတိယ တစ်ခုကတော့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာကြောင့် ဒီလက္ခဏာတွေ ခံစားရတာ သေချာရင် နည်းစေတဲ့ အကြောင်းအရင်းကို ရှာဖွေကုသရပါမယ်။ ဥပမာ ကျောက်ကပ်မကောင်းလို့လား၊ သောက်လက်စ ဆေးတွေကြောင့်လား စသဖြင့်။
ဒါတွေ ပြီးလို့ ရေနဲ့ဓာတ်ဆားဓာတ်နည်းတာ သေချာပြီ၊ ရောဂါ ကြီးကြီးမားမား မရှိဘူး။ ကိုယ့်ရဲ့ နေထိုင်စားသောက်ပုံတွေ၊ ရာသီဥတုကြောင့် ချွေးထွက်များလို့ ဖြစ်နေတာဆိုရင်တော့ အောက်ပါတို့ကို လိုက်လုပ်နိုင်ပါတယ်။
၁။ ဓာတ်ဆားအားဖြည့်အချိုရည်တွေ သောက်ပေးပါ ။ နာမည်အတိုင်းပဲ ရေရော ဓာတ်ဆားဓာတ်တွေ ပါနေတာ ဖြစ်လို့ နည်းနေတဲ့ ဓာတ်ဆားတွေကို ပြန်ပြည့်စေမှာပါ။ ဓာတ်ဆားအပြင် ရေဓာတ်နဲ့ ဂလူးကို့စ်တွေပါ ပါဝင်တာကြောင့် ရေဓာတ်လည်းပြည့်၊ အားအင်လည်းရ၊ လိုနေတဲ့ ဓာတ်ဆားဓာတ်တွေလည်း ဖြည့်ပြီးသား ဖြစ်သွားပါတယ်။
၂။ ဓာတ်ဆားဓာတ် ကြွယ်ဝတဲ့ အစားအစာတွေ စားပါ ။ အသီးအရွက်တွေ၊ အသီးအနှံတွေက အရည်ရွှမ်းပြီး ဓာတ်ဆားဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်လို့ နေ့စဉ်ပါဝင်အောင် စားပေးဖို့ လိုပါတယ်။ ဥပမာ အုန်းရည်၊ ငှက်ပျော သီး၊ ထောပတ်သီး၊ အစိမ်းရောင်ဟင်းသီးဟင်း ရွက် စတာတွေက ပိုတက်ဆီယမ် ကြွယ်ဝတဲ့ အစားအစာတွေပဲ ဖြစ်ပါတယ်။
၃။ ဆားကိုသင့်တင့်တဲ့ ပမာဏ စားပေးပါ ။
ဆားက အလွန်အကျွံ စားရင် သွေးတိုးတတ်တာ၊ တခြားကျန်းမာရေးပြဿနာတွေ ဖြစ်တတ်တာ မှန်ပေမယ့် ဆိုဒီယမ်က ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တာကြောင့် ကျန်းမာနေတဲ့ လူတစ်ယောက်က သင့်တင့်တဲ့ ပမာဏတော့ စားပေးသင့်ပါတယ်။
ရေနဲ့ ဓာတ်ဆားဓာတ်တွေက ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်ပါတယ်။ များလို့လည်း မဖြစ်သလို နည်းလို့လည်း မဖြစ်တာကြောင့် ဒီနည်းလမ်းတွေနဲ့ ရေနဲ့ ဓာတ်ဆားဓာတ်တွေ ဖြည့် တင်းဖို့ အကြံပြုချင်ပါတယ်။
#ပြီး
