တူရကီမှာကျင်းပမယ့် ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲ ပွဲတက်စာရင်းမှာ ပူတင်မပါဝင်
မော်စကို၊ မေ-၁၅-၂၀၂၅
မျိုးဆက်(VOM)
တူရကီမှာ ပြုလုပ်မယ့် ယူကရိန်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲမှာ လူကိုယ်တိုင် တွေ့လိုတယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ကမ်းလှမ်းထားပေမယ့် ကရင်မလင်က ထုတ်ပြန်တဲ့ ပွဲတက်စာရင်းမှာ သမ္မတပူတင်ပါဝင်ခြင်းမရှိဘူးလို့ သိရပါတယ်။
ရုရှားကိုယ်စားလှယ်အဖွဲ့ကို သမ္မတရဲ့လက်ထောက်ဖြစ်သူ ဗလာဒီမာမက်ဒင်စကီးက ဦးဆောင်မယ်လို့ ရုရှားသမ္မတအိမ်တော်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ယူကရိန်းသမ္မတ ဇီလန်စကီးကတော့ ပူတင်သဘောတူမယ်ဆိုရင် မျက်နှာချင်းဆိုင် တွေ့လိုတယ်လို့ ပြောပါတယ်။
ဒီဆွေးနွေးပွဲ တက်ရောက်နိုင်တယ်လို့ ရုရှားသမ္မတပူတင်က ယခင်က အရိပ်အမြွတ်ပြောဆိုခဲ့မယ့် သူရော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ရော ဆွေးနွေးပွဲ တက်ရောက်ဖွယ်မရှိကြောင်း သတင်းဌာနတွေက ဖော်ပြထားပါတယ်။
ဆွေးနွေးပွဲကို ပူတင်တက်ရင် သူလည်း တက်ရောက်မယ်လို့ ယူကရိန်းသမ္မတ ဇီလန်စကီးက ထုတ်ဖော်ပြောဆိုထားပြီး ကြာသပတေးနေ့မှာ တူရကီနိုင်ငံ မြို့တော်အန်ကာရာမှာ တူရကီသမ္မတ အာဒိုဂန်နဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။
ရုရှားက ဘယ်သူတွေလာမလဲ စောင့်ကြည့်မယ်။ ပြီးရင် ယူကရိန်း အနေနဲ့ ဘယ်လိုလုပ်သင့်လည်းဆိုတာ ဆုံးဖြတ်မယ်လို့ ဇီလန်စကီးက ပြောပါတယ်။ ပူတင်နဲ့ ဇီလန်စကီးတို့ဟာ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလကတည်းက လူချင်းတွေ့ဆုံခဲ့ခြင်းမရှိပါဘူး။
အမေရိကန်ကတော့ ရုရှား-ယူကရိန်း တိုက်ရိုက်ဆွေးနွေးပွဲအတွက် အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ဖွယ်ရှိနေပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရူဘီအိုနဲ့ ယူကရိန်းနိုင်ငံခြားရေးဝန်ကြီး အန်ဒေရေ ဆိုင်ဘီဟာတို့လည်း မနေ့က တူရကီမှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
Ref:BBC

image