#ယနေ့ထုတ်သတင်းစာ_အားကစားသတင်း
◼ ကဏ္ဍသစ်အတွက် ဘရာဇီး၏ စောစီးစွာသတင်း ထုတ်ပြန်မှုကို နည်းပြ အန်ဆယ်လော့တီ ဝေဖန်
လက်ရှိရီးယဲလ်နည်းပြ အန်ဆယ်လော့တီက ၎င်း၏အခန်းကဏ္ဍသစ်နှင့်ပတ်သက်၍ ဘရာဇီးဘောလုံးအဖွဲ့ချုပ်၏ စောစီးစွာအတည်ပြု သတင်းထုတ်ပြန်မှုအပေါ် နှစ်သက်ခြင်းမရှိကြောင်း အရိပ်အမြွက်ထုတ်ဖော်ပြောဆိုလိုက်သည်။
ဘရာဇီးဘောလုံးအဖွဲ့ချုပ်သည် မကြားသေးမီကပင် အန်ဆယ် လော့တီအနေဖြင့် ၎င်းတို့၏လက်ရွေးစင်အသင်းကို မေ ၂၆ ရက်တွင်တရားဝင်စတင်ယူမည်ဖြစ်ကြောင်း အတည်ပြုသတင်းထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ယခုအခါ ယင်းသို့စောစီးစွာအတည်ပြုမှုကို အီတလီလူမျိုးနည်းပြက ဝေဖန်ပြောဆိုလိုက်ခြင်း ဖြစ်သည်။
အန်ဆယ်လော့တီက “ဒီသတင်းစာရှင်းလင်းပွဲကိုသာ မလုပ်ခဲ့ရင်ဒီနေ့ဟာ ကောင်းမွန်တဲ့နေ့တစ်နေ့ဖြစ်မှာပါ။ အခုတော့ ဒီပွဲမှာ ကျွန်တော်ရှင်းမပြချင်တဲ့ အရာတွေကိုရှင်းပြရတော့မယ်။ ၂၅ ရက်အထိ ကျွန်တော်အင်မတန်မှလေးစားရတဲ့ ရီးယဲလ်မက်ဒရစ်ရဲ့ဂျာစီကိုဝတ်ထားမယ်။ ကျွန်တော်ဒီဂျာစီကို လေးစားပြီး နောက်ဆုံးနေ့အထိ အလေးအနက်ထားချင်တာကြောင့် အခြား အကြောင်းအရာတွေကို ဘယ်သူ့ကိုမှမပြောချင်မိဘူး။ ကျွန်တော့်ပတ်ဝန်းချင်က အရာတွေနဲ့ ပျော်ရွှင်နေပါတယ်။ ရီးယဲလ်မက်ဒရစ်အသင်းဘက်ကတော့ ကျွန်တော့်ရဲ့ထွက်ခွာမှုကို သူတို့ဆန္ဒရှိတဲ့အခါ အတည်ပြုသတင်းထုတ်ပြန်မှုပြုလုပ်ပါလိမ့်မယ်။ အခုအချိန်မှာတော့ ဘာပြဿနာမှမရှိပါဘူး”ဟု ထုတ်ဖော်ပြောဆိုသွားခဲ့ခြင်းဖြစ်သည်။
အန်ဆယ်လော့တီသည် ၂ဝ၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲအထိ ဘရာဇီးအသင်းကို တာဝန်ယူကိုင်တွယ်သွားမည်ဖြစ်ကာ ၎င်းသည် ဘရာဇီးအသင်းသမိုင်းကြောင်းတစ်လျှောက် ပထမဆုံးသော နိုင်ငံခြားသားနည်းပြအဖြစ်လည်း မှတ်တမ်းဝင်သွားမည်ဖြစ်သည်။

image