17 ပတ် - ဘာသာပြန်ပါ။

#ပြည်တွင်းသတင်း
◼ နေပြည်တော်နှင့် မန္တလေးတို့၌ ယနေ့နံနက်ပိုင်းတွင် ငလျင်နှစ်ကြိမ်လှုပ်
နေပြည်တော်နှင့် မန္တလေးတိုင်းတို့၌ ယနေ့(မေ ၁၄ ရက်)နံနက်ပိုင်းတွင် ငလျင်နှစ်ကြိမ်လှုပ်ခတ်ခဲ့ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်သည်။
အဆိုပါငလျင်များမှာ ယနေ့နံနက် ၂ နာရီ ၅၁ မိနစ် ၁၈ စက္ကန့်တွင် မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့၏ မြောက်-အရှေ့မြောက်ဘက်နှစ်မိုင်ခန့် အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ အဆင့်ရှိငလျင်နှင့် နံနက် ၃ နာရီ ၁၅ မိနစ် ၄၂ စက္ကန့်တွင် နေပြည်တော်ကောင်စီနယ်မြေ၊ ပုဗ္ဗသီရိမြို့၏မြောက်ဘက်ငါးမိုင်ခန့်အနက် ၁၉ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၁ အဆင့်ရှိ ငလျင်တို့လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။
“ငလျင်ကခုချိန်ထိလှုပ်တာမပြီးတော့ စိုးရိမ်စိတ်ကရှိနေတုန်းပေါ့။ နေဖို့မရှိလို့ အိမ်ငှားနေနေရတုန်း လေ။ အခုဆိုစိတ်ထဲတိုက်အမြင့်တွေပေါ်တောင်သွားရ၊ တက်ရမှာကြောက်နေတာ။ ငလျင်လှုပ်တာ မြန်မြန်ပြီးရင် ထပ်မလှုပ်ရင်အကောင်းဆုံးပေါ့” ဟု နေပြည်တော်တွင်နေထိုင်သူတစ်ဦးကပြောသည်။
ယမန်နေ့(မေ ၁၃ ရက်) မွန်းလွဲ ၁ နာရီ ၁၁ မိနစ် ၅၀ စက္ကန့်တွင်လည်း မန္တလေးတိုင်း၊ စဉ့်ကူးမြို့၏ အနောက်မြောက်ဘက် ၁၅ မိုင်ခန့်၊ အနက် ၁၀ ကီလိုမီတာကိုဗဟိုပြု၍ အင်အားရစ်ခ်တာစကေး ၃ ဒသမ ၃ အဆင့်ရှိငလျင်လှုပ်ခတ်မှုဖြစ်ပွားခဲ့သေးသည်။
ပြီးခဲ့သည့်မတ်လ ၂၈ ရက်တွင်လှုပ်ခတ်ခဲ့သည့် အင်အားပြင်းငလျင်အပါအဝင် ယနေ့(မေ ၁၄ ရက်) အထိ နောက်ဆက်တွဲငလျင်လှုပ်ခတ်မှု စုစုပေါင်း ၁၇၃ ကြိမ်ရှိပြီဖြစ်ကြောင်း မိုးဇလကထုတ်ပြန်ထားသည်။
သတင်း - အင်ကြင်း
ဓာတ်ပုံ - MFSD

image