#နိုင်ငံတကာသတင်း
◼ ဆီးရီးယားအပေါ်ပိတ်ဆို့မှုများ ဖယ်ရှားသွားမည်ဟု ထရန့် ပြော
ဆီးရီးယားအပေါ် တာရှည်စွာချမှတ်ထားသော တားဆီးပိတ်ပင်မှုများအား ဖယ်ရှားသွားမည်ဖြစ်ကြောင်း ပင်လယ်‌ကွေ့ဒေသတွင် ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က မထင်မှတ်ဘဲ ကြေညာခဲ့ပြီး ဆော်ဒီအာရေဗျထံမှလည်း အမေရိကန်ဒေါ်လာ ၆၀၀ ဘီလီယံ ရင်းနှီးမြုပ်နှံမည့် ကတိကဝတ်များးလည်း ရရှိခဲ့သည်။
ဆီးရီးယားနိုင်ငံအပေါ် တားဆီးပိတ်ပင်မှုများ အဆုံးသတ်ပေးလိုက်ခြင်းမှာ ပြည်တွင်းစစ်ကြောင့် ဆယ်စုနှစ်တစ်ခုကျော် ရုန်းကန်နေခဲ့‌ရသောနိုင်ငံအတွက် ကြီးမားသော အားဆေးဖြစ်သည်။
လက်ရှိသမ္မတ အာမက်အယ်လ်ရှာရာဦးဆောင်သော သူပုန်အဖွဲ့ က သမ္မတ ဘာရှားအယ်လ်အာဆတ်အစိုးရအား ယမန်နှစ်ဒီဇင်ဘာလတွင် ဖြုတ်ချခဲ့သည်။
ဆော်ဒီ အိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်၏ တောင်းဆိုမှုအရ ဆီးရီးယားအပေါ် ပိတ်ပင်မှုများအား ဖယ်ရှားပေးလိုက်ခြင်းဖြစ်ကြောင်း ရီယာ့ဒ်မြို့မှ ရင်းနှီးမြုပ်နှံမှုဖိုရမ်တွင် ဒေါ်နယ်ထရန့်က ဖွင့်ဟပြောကြားသည်။
ယင်းမှာ ဆီးရီးယားနှင့်ပတ်သက်၍ အမေရိကန်ဘက်မှ ကြီးမား‌သော မူဝါဒအပြောင်းအလဲဖြစ်သည်။
အမေရိကန်က ဆီးရီးယားအား အကြမ်းဖက်ဝါဒကို အားပေးသော နိုင်ငံအဖြစ် ၁၉၇၉ ခုနှစ် က သတ်မှတ်ခဲ့ကာ ၂၀၀၄ ခုနှစ်တွင် ပိတ်ဆို့တားဆီးမှုများ တိုးမြှင့်ခဲ့ပြီး ၂၀၁၁ ခုနှစ် က ပြည်တွင်းစစ် ဖြစ်ပွားချိန်၌ တားဆီးပိတ်ပင်မှုများ ထပ်မံ မြှင့်တင်ခဲ့သည်။
အမေရိကန်၏ အစီအစဉ်သည် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးတွင် အစ‌ကောင်း တစ်ခုဖြစ်ကြောင်း ဆီးရီးယားနိုင်ငံခြားရေးဝန်ကြီး အာဆက်အယ်လ်ရှီဘာနီ က ပြောကြားသည်။
ထရန့်ကလည်း ဆီးရီးယားသမ္မတ ရှာရာ အား ယနေ့တွင် ဆော်ဒီ၌ ခေတ္တတွေ့ဆုံရန် သဘောတူထားကြောင်း အိမ်ဖြူ‌တော်အရာရှိတစ်ဦးက ပြောသည်။
အမေရိကန်က ဆော်ဒီအား အမေရိကန်ဒေါ်လာ ၁၄၂ ဘီလီယံဖိုး လက်နက်ရောင်းချရန်လည်း သဘောတူခဲ့ကာ ယင်းမှာ ဝါရှင်တန်က လုပ်‌ဆောင်ခဲ့သမျှတွင် အကြီးမားဆုံး ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှုဖြစ်ကြောင်း အိမ်ဖြူတော် က ပြောကြားသည်။
ဒေါ်နယ်ထရန့် နှင့် ဆော်ဒီအိမ်ရှေ့မင်းသား တို့က စွမ်းအင်၊ ကာကွယ်ရေး၊ သတ္တူတူးဖော်ရေး နှင့် အခြားနယ်ပယ်များ ပါဝင်သော သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့ကြကြောင်း သိရသည်။
ဆော်ဒီနှင့် ဆက်ဆံ‌ရေးခိုင်မာအောင် လုပ်ဆောင်ရာ၌ အစ္စရေးနှင့်ဒေသတွင်းဆက်ဆံ‌ရေး တိုးတက်စေရန် နှင့် အီရန်အားရင်ဆိုင်မှု၌ ခံတပ်တစ်ခုဖြစ်လာစေရန် ထရန့်က အလိုရှိသည်။
ခေါင်းဆောင်နှစ်ဦးကြား သဘောတူညီချက်၌ လေကြောင်း နှင့် ဒုံးကျည်ကာကွယ်‌ရေး ၊ လေတပ်နှင့်အာကာသ ၊ ရေကြောင်းလုံခြုံရေး နှင့် ဆက်သွယ်ရေး နယ်ပယ်များအပါအဝင် အမေရိကန်ကာကွယ်ရေးကုမ္ပဏီ တစ်ဒါဇင်ကျော်နှင့်သဘောတူညီမှုများ ပါဝင်ကြောင်း အိမ်ဖြူတော် ထုတ်ပြန်ချက်တစ်ရပ် က ဖော်ပြခဲ့သည်။
ဆော်ဒီနိုင်ငံသည် အမေရိကန်၏ လက်နက်များကို အများဆုံး ဝယ်ယူအား‌ပေးသည့် ဖောက်သည်နိုင်ငံတစ်နိုင်ငံဖြစ်ကာ ၎င်းက အမေရိကန်ကို ရေနံများရောင်းချပြီး အမေရိကန်က ဆော်ဒီအတွက်လုံခြုံ‌ရေး ပံ့ပိုးပေးကာ နှစ်နိုင်ငံဆက်ဆံရေးကို ဆယ်စုနှစ်များစွာ ထိန်းသိမ်းထားခဲ့သည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image