ဓာတ်ကြိုးတန်းပေါ် ခိုတွေ သီးလို့
သစ်သားအိမ်ကလေးရှေ့
ရောင်စုံပူဖောင်းတွေ လွင့်လို့
ရပ်ကွက်ကလေးဟာ အသက်ဝင်လာလို့
လူတွေ အသက်ဝင်လာလို့။
သွားကြ၊ လာကြ
ကြံကြ၊ ရှာကြ။
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ်။
ဒီလို တစ်နေ့ဟာ
တစ်နေ့ပြီး တစ်နေ့
ငါတို့ဟာ တစ်ကွေ့ပြီး တစ်ကွေ့
ငါတို့ဟာ တရွေ့ပြီး တရွေ့ရွေ့
ငါတို့ဟာ တငွေ့ငွေ့။
ငါတို့ ဘယ်ရထားမှာ လွဲခဲ့လဲ
တစ်ခါလွဲရင်
နှစ်ပေါင်း ဘယ်လောက် ကြာတတ်လဲ။
ခင်ခင်ပျိုရေ ငါ စောင့်ခဲ့တယ်။
• အောင်ချိမ့် •
