#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ အီရန်နျူကလီးယားအရေး အမေရိကန်နှင့် အီရန် စတုတ္ထအကျော့ ဆွေးနွေး
အီရန်နျူကလီးယား အစီအစဉ်နှင့်ပတ်သက်၍ အမေရိကန်နှင့် အီရန်တို့အကြား စတုတ္ထအကျော့ဆွေးနွေးပွဲကို အိုမန်နိုင်ငံတွင် မေ ၁၁ ရက်က ပြုလုပ်ခဲ့ပြီး နောက်ထပ်ဆွေးနွေးရန် နှစ်ဖက်စလုံးက သဘောတူခဲ့ကြောင်း တာဝန်ရှိသူများကပြောသည်။
ဆွေးနွေးမှုများသည် အားတက်စရာဖြစ်ကြောင်း အမေရိကန် အရှေ့အလယ်ပိုင်း အထူးသံတမန်စတိဝစ်အော့ဖ်က ပြောဆိုထားပြီး အီရန်နိုင်ငံခြားရေးဝန်ကြီး အဘက်စ်အာရာချီကလည်း ဆွေးနွေးမှုသည် ခက်ခဲသော်လည်း အသုံးဝင်သည်ဟုဆိုသည်။
အီရန်ကို နျူကလီးယားလက်နက်ထုတ်လုပ်သည့် နိုင်ငံအဖြစ်မှ ဟန့်တားရန် ၎င်း၏ယူရေနီယံသန့်စင်မှုကိုရပ်ဆိုင်းရမည်ဟု အမေရိကန်က အခိုင်အမာပြောဆိုခဲ့သော်လည်း အီရန်ကမူ ယင်းရည်ရွယ်ချက်မရှိသဖြင့် အစီအစဉ်ကို စွန့်လွှတ်မည်မဟုတ်ကြောင်း ပြောသည်။
ဧပြီလတွင်စတင်ခဲ့သော ဆွေးနွေးပွဲများမအောင်မြင်ပါက အီရန်အပေါ် စစ်ရေးအရအရေးယူဖွယ်ရှိကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ခြိမ်းခြောက်ထားသည်။ ယခင်ဆွေးနွေးမှုနှစ်ကြိမ်ကို အိုမန်နှင့်အီတလီတို့တွင် ပြုလုပ်ခဲ့သည်။
နောက်ဆုံးဆွေးနွေးမှုသည် သုံးနာရီကြာမြင့်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများကပြောသည်။ လက်ရှိဆွေးနွေးမှုရလဒ်များက ကောင်းမွန်ပြီး များမကြာမီတွင်နောက်ထပ်ဆွေးနွေးပွဲ ထပ်မံပြုလုပ်မည်ဟု ၎င်းတို့ကပြောသည်။
ဘီဘီစီ
