#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါရှန်ပင်လယ်ကွေ့ကို အမည်ပြောင်းခေါ်ရန် သမ္မတ ဒေါ်နယ်ထရန့် စီစဉ်ထား
အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်သည် လာမည့်သီတင်းပတ် အတွင်း သွားရောက်မည့် ဆော်ဒီအာရေဗျခရီးစဉ်အတွင်း ပါရှန်ပင်လယ်ကွေ့ဒေသကို အမေရိကန်ပြည်ထောင်စုအနေဖြင့် အာရေးဗီးယန်းပင်လယ်ကွေ့ဟူ၍သာ ရည်ညွှန်းသတ်မှတ်မည့် အစီအစဉ်ကို ကြေညာဖွယ်ရှိကြောင်းအမေရိကန်မီဒီယာများက မေ ၁၀ ရက်တွင် သတင်းထုတ်ပြန်ထားသည်။
အရှေ့အလယ်ပိုင်းဒေသနိုင်ငံအများအပြား၌ ပါရှန်ပင်လယ်ကွေ့ကို အာရေးဗီးယန်းပင်လယ်ကွေ့ဟူ၍ အများအားဖြင့်သုံးစွဲလေ့ရှိသော်လည်း ပါရှန်ပင်လယ်ကွေ့ဟူသောအမည် မှာ ၁၆ ရာစုနှစ်ကပင် ကမ္ဘာတစ်ဝန်းသိခဲ့ကြသည့် နာမည်ဖြစ်သည်။
သမ္မတဒေါ်နယ်ထရန့်အနေဖြင့်လာမည့်အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်အတွင်း ပါရှန်ပင်လယ်ကွေ့ကို အာရေးဗီးယန်းပင်လယ်ကွေ့အဖြစ် အမေရိကန်ပြည်ထောင်စုက ရည်ညွှန်းသတ်မှတ်မည့် အစီအစဉ်ကိုကြေညာရန်စီစဉ်ထားကြောင်း အမေ ရိကန်အစိုးရ သတင်းအရင်းအမြစ်များကမီဒီယာများသို့ ထုတ်ဖော်ပြောကြားထားသည်။
ပါရှန်ပင်လယ်ကွေ့ကို အမည်ပြောင်းရန် သမ္မတဒေါ်နယ်ထရန့်က စီစဉ်ထားသည်ဟူသော သတင်းနှင့်ပတ်သက်၍ အိမ်ဖြူတော်နှင့် အမျိုးသားလုံခြုံရေးကောင်စီ တာဝန်ရှိသူများက တစ်စုံတစ်ရာ တုံ့ပြန်မှုမရှိသေးပေ။
သို့ရာတွင် အထက်ပါသတင်းကို အီရန်အစိုးရကဝေဖန်ခဲ့ပြီး သမိုင်းကြောင်းအရ အခိုင်အမာရှိထားပြီးဖြစ်သော ပါရှန်ပင်လယ်ကွေ့အမည်ကို နိုင်ငံရေးရည်ရွယ်ချက်ဖြင့် ပြောင်းလဲရန် ကြိုးပမ်းမှုများသည် အီရန်နိုင်ငံနှင့် အီရန်ပြည်သူများကို ရန်စခြင်းဖြစ်ကြောင်း ပြောကြားထားသည်။
အမေရိကန်သမ္မတဒေါ်နယ်ထရန့်သည် အရှေ့အလယ်ပိုင်းဒေသ ခရီးစဉ်တွင် ပါရှန်ပင်လယ်ကွေ့ဒေသ၌ တည်ရှိသော ကာတာနိုင်ငံ၊ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး)နိုင်ငံများသို့လည်း ဝင်ရောက်မည်ဖြစ်ကြောင်း သိရသည်။
