#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ ဦးစီးသည့် စာသင်ကျောင်းများပိတ်ပစ်ရန် အစ္စရေးဖိအားပေး
အစ္စရေးသိမ်းပိုက်ထားသော အရှေ့ဂျေရုဆလင်ရှိ ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီဦးစီးသည့်စာသင်ကျောင်းသုံးကျောင်းကို ပိတ်ပစ်ရန်အစ္စရေးစစ်ဘက်က ဖိအားပေးလုပ်ဆောင်ခဲ့ကြောင်း ကုလသမဂ္ဂတာဝန်ရှိသူများက မေ ၈ ရက်တွင် ပြောသည်။
မေ ၈ ရက် နံနက်ပိုင်းစာသင်ချိန်မှစ၍ ရာနှင့်ချီသော ပါလက်စတိုင်း ကျောင်းသားများကိုရှူရာဖက်ဒုက္ခသည်စခန်းရှိ စာသင်ကျောင်းများမှ အိမ်ပြန်ခိုင်းခဲ့ကြောင်း ပါလက်စတိုင်း ဒုက္ခသည်များဆိုင်ရာ ကုလသမဂ္ဂအေဂျင်စီကပြောသည်။
ကျောင်းနံရံတွင် ကပ်ထားသည့်အမိန့်စာ၌ ပညာရေးဆိုင်ရာ အဖွဲ့ အစည်းများ လုပ်ကိုင်ရန် သို့မဟုတ် သင်ကြားရေးဝန်ထမ်းများခန့်အပ်လုပ်ကိုင်ခြင်းများကို တားမြစ်မည်ဖြစ်ပြီး စာသင်ကြားမှု သို့မဟုတ် ကျောင်းများအတွင်းဝင်ရောက်ခြင်းကို တားမြစ်မည်ဟု ဖော်ပြထားသည်။
အစ္စရေးအာဏာပိုင်များသည် ကလေးငယ်များ၏ ပညာသင်ကြားခွင့်ကို ငြင်းပယ်ပြီး နိုင်ငံတကာဥပဒေများကို ပြောင်ကျကျ ချိုးဖောက်နေကြောင်း ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ မဟာမင်းကြီး ဖိလစ်လက်ဇာရီနီက ပြောသည်။
အစ္စရေးသည် ပါလက်စတိုင်း ဒုက္ခသည်အေဂျင်စီ၏ လှုပ်ရှားမှုများကို တားမြစ်ပိတ်ပင်ခဲ့ပြီးဟားမားစ်အဖွဲ့နှင့် ဆက်နွှယ်နေသည်ဟု စွပ်စွဲထားသည်။ သို့သော်အေဂျင်စီကမူ စွပ်စွဲချက်များကို ငြင်းဆိုထားသည်။
ဘီဘီစီ
