#နိုင်ငံတကာသတင်း
◼ ဂျာမနီအဓိပတိသစ်၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပြင်သစ်နှင့် ပိုလန်သို့ထွက်ခွာ
ဂျာမနီနိုင်ငံ၏ ထိပ်တန်းမဟာမိတ်များနှင့်ဆက်ဆံ‌‌ရေးကို ပြန်လည်ဆန်းသစ်ပြီး ၎င်းတို့နိုင်ငံ ကမ္ဘာ့အဆင့်သို့ ပြန်လည်တက်လှမ်းလာခဲ့သည်ကို ပြသရန် ပူပူနွေးနွေး ဂျာမနီအဓိပတိဖြစ်လာခဲ့သော ဖရက်ဒရစ်မားဇ်က ၎င်း၏ ပထမဆုံးပြည်ပခရီးစဉ်အဖြစ် ပြင်သစ်နှင့်ပိုလန် သို့သွားရောက်ရန် ယနေ့တွင် ထွက်ခွာသွားသည်။
မူလကတည်းက စီစဉ်ထားပြီးဖြစ်သော ခရီးစဉ်သည် ဂျာမန်ပါလီမန် က မားဇ်အား ဂျာမနီ အဓိပတိအဖြစ် ရွေးချယ်ပြီးနောက်တစ်ရက်မှာပင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သို့သော်လည်း မားဇ်သည် ပါလီမန်တွင် ဒုတိယအကြိမ်မဲခွဲပြီးမှ အဓိပတိနေရာကို ရရှိခဲ့ခြင်းဖြစ်ရာ ၎င်း၏ ကွန်ဆာဗေးတစ်ပါတီနှင့် ဆိုရှယ်ဒီမိုကရက်မဟာမိတ်များကြား စည်းလုံးညီညွတ်မှု နည်းပါးခြင်းကို ညွှန်ပြနေသည်။
သို့ဖြစ်သော်လည်း အဓိပတိဟောင်း အိုလက်ဖ်ရှိုးဇ် ၏ သုံးပါတီညွှန့်ပေါင်းတွင် နှစ်ပေါင်းများစွာ အတွင်းတိုက်ပွဲများဖြစ်ပြီး နိုဝင်ဘာလ၌ အတွင်းပေါက်ကွဲမှုဖြစ်ခဲ့ပြီးနောက်ပိုင်း မားဇ်သည် ဂျာမနီ၏ဥ‌ရောပခေါင်းဆောင်မှုကို ပြန်ရအောင်လုပ်ဆောင်နိုင်လိမ့်မည်၏ ဂျာမနီ၏ မဟာမိတ်များအား မျှော်လင့်ချက်ကြီးမားနေသည်။
ရုရှားနှင့်အပစ်အခတ် ရပ်စဲမှုသဘောတူညီချက်တစ်စိတ်တစ်ပိုင်းအဖြစ် ယူကရိန်းအား လုံခြုံ‌ရေးအာမခံချက်ပေးရန် ဥရောပကလုံးပန်းနေရပြီး သမ္မတထရန့် က ကြီးလေးသော အခွန်များချမှတ်ခဲ့သဖြင့် အမေရိကန်နှင့် ကုန်သွယ်ရေးသဘောတူညီချက် ညှိနှိုင်းရန် ရှိနေစဉ် မားဇ်က ဂျာမနီအကြီးအကဲ ဖြစ်လာခြင်းဖြစ်သည်။
ဂျာမနီအဓိပတိသည် ယနေ့ တွင် ပြင်သစ်သို့ သွားရောက်ပြီး သမ္မတ အီမန်နျူရယ်မက်ခရွန် နှင့် တွေ့ဆုံမည်ဖြစ်ကာ ၎င်းတို့နှစ်ဦးကြား ရင်းနှီးသောပြောဆိုမှုရှိနှင့်ပြီးဖြစ်ကြောင်း ပြင်သစ်အရာရှိများက ပြောကြားကြသည်။
ပြင်သစ်-ဂျာမနီ ပူးပေါင်းဆုံးဖြတ်ချက်များ ယခင်ကထက် ပိုမိုခိုင်မာအောင်လုပ်ဆောင်ရေးသည် ၎င်းတို့နှစ်ဦးသားအပေါ်မူတည်နေကြောင်း ပြင်သစ်သမ္မတ မက်ခရွန် က ယမန်နေ့တွင် X ဆိုရှယ်မီဒီယာတွင် ရေးသားသည်။
မားဇ်သည် ယနေ့နှောင်းပိုင်းတွင် ပိုလန်နိုင်ငံသို့ ဆက်လက်ထွက်ခွာပြီး ရုရှား၏ သုံးနှစ်ကြာကျူုးကျော်မှုအတွင်း ယူကရိန်းအား ကူညီထောက်ပံ့မှုပေးရေး စည်းရုံးလှုံ့ဆောင်ရာ၌ အဓိကအခန်းကဏ္ဍမှပါဝင်ခဲ့သဖြင့် ဥရောပနိုင်ငံ‌ရေးတွင် ပိုလန် က အရေးပါလာသည်ကို ထင်ဟပ်နေသည်။
“ဥရောပမှာ စုပေါင်းဦးဆောင်မှုတချို့ကို မျှော်လင့်ချင်ပါတယ်။ အတိတ်တုန်းက ဒီလိုဆွေးနွေးမှုတွေမှာ ဂျာမနီ က တစ်နည်းတစ်ဖုံ လစ်ဟာနေပါတယ်။” ဟု ပိုလန်အစိုးရ သတင်းရင်းမြစ်တစ်ဦး က ရိုက်တာ အားပြောကြားသည်။
ဥရောပရွှေ့ပြောင်းနေထိုင်ရေး မူဝါဒများကို ပိုမိုမတင်းကျပ်မီ ၎င်းအနေဖြင့် ပြင်သစ်သမ္မတ မက်ခရွန် ၊ ပိုလန်ဝန်ကြီးချုပ် ဒေါ်နယ်တပ်ခ် တို့နှင့် စကားပြောလိုကြောင်း ဂျာမနီအဓိပတိ မားဇ် က ဂျာမန်အစိုးရပိုင် ZDF သတင်းဌာနအား အင်္ဂါနေ့တွင်ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters

image