ဘဝဆိုတာ အင်မတန်ဉာဏ်ကြီးကြီးနဲ့ ကစားသွားရတဲ့ game ပါ ။ အဲဒီတော့ မွေးလာပြီးရင် အသက်မသေဖို့ အရေးအကြီးဆုံး ၊ နည်းနည်းလေးကြီးလာရင် လူမှုဆက်ဆံရေး အရေးအကြီးဆုံး ဖြစ်လာတယ် ။ တိုးလာတယ်နော် ။ ကလေးအတွက် ကစားတာဟာ ပညာသင်တာပဲ ဖြစ်တယ် ။
Psychology of play ဆိုတဲ့ ကျမ်းတစ်ကျမ်းကို ဖတ်ဖူးတယ် ။ အဲဒီအထဲမှာ ကလေးတွေဟာ ကစားဖို့ အရေးကြီးတယ်တဲ့ ။ မှန်မှန်ကန်ကန်လည်း ကစားဖို့ အရေးကြီးတယ်။ ပြီးတော့ ကိုယ်ကစားတဲ့ ပစ္စည်းလေးတွေကို ကိုယ့်ဟာကိုယ် တီထွင်ပြီးတော့ ကစားဖို့လည်း အရေးကြီးတယ် ။ ဒီဘုန်းကြီးတို့ ခပ်ငယ်ငယ်တုန်းက စက္ကူလေးတွေကို ခေါက်ခေါက်ပြီး လှေကလေးတွေ လုပ်ပြီးတော့ ရေထဲ သွားမျှောတာ ။ လုပ်ဖူးတဲ့သူ တော်တော်များမှာပါ ။ စက္ကူပန်ကာလေးတွေ ခေါက် ၊ ကော်လေးနဲ့ကပ် ၊ တုတ်ကလေးနဲ့ထိုး ၊ ပြေးတယ် ၊ လည်အောင်လို့ ။ ဒါဟာ ကစားရင်းနဲ့ တီထွင်ကြံဆတဲ့စိတ်ဖြစ်လာအောင် လုပ်ရတာ ၊ ဒါဟာ ပညာရေးနော် ။
တကယ်တော့ ဘဝတစ်ခုလုံးဟာ အဲဒီလိုနေသွားရမှာပဲ ။ ကိုယ် လုပ်တဲ့အလုပ်ကို ပျော်နေတာဟာ ကစားတာပဲ ။ လုပ်တဲ့အလုပ်နဲ့ မပျော် တဲ့လူဟာ သူဟာ ကစားတာမဟုတ်တော့ဘူး ။ အင်မတန် စိတ်ညစ်စရာကောင်းတဲ့ တာဝန်ကြီးတစ်ခုကို ထမ်းဆောင်နေရတာ ဖြစ်သွားပြီ ။ ဘယ်အလုပ်ဖြစ်ဖြစ် အလုပ်မှာပျော်နေရင် အဲဒီအလုပ်ကို work လို့ ခေါ်လို့မရတော့ဘူး ။ game လို့ပဲ ခေါ်လို့ရတယ် ။ ပျော်စရာကောင်းတဲ့ ကစားနည်းတစ်ခု ဖြစ်သွားတယ် ။
ဒါကြောင့် တစ်ခါတုန်းက ပြောဖူးပါတယ် ။ ဘဝတစ်ခုလုံးဟာ တကယ်တော့ game ပါပဲ ။ ဒါပေမဲ့ အင်မတန်ဉာဏ်ကြီးကြီးနဲ့ ကစားသွားရတဲ့ game ပါ ။ လောကဓံအမျိုးမျိုး ကြုံတွေ့ရတာဟာ game တစ်မျိုး ကစားသလိုပေါ့ ။ ပြဇာတ်တစ်ခု ကသွားသလိုပါပဲ ။ အင်္ဂလိပ်လို ပြဇာတ်ကို ဘယ်လို ခေါ်သလဲ ၊ play လို့ခေါ်တယ် ။ ကစားတာကိုလဲ play လို့ခေါ်တယ် ။

image