အားနည်းချက်ကို စိတ်ခွန်အားအဖြစ် အသုံးချနိုင်ခဲ့တဲ့ Demetrious Johnson
Google မှာ Greatest MMA Fighters of All Time ဒါမှမဟုတ် Best Pound-For-Pound MMA Fighters လို့ ရိုက်ရှာကြည့်ပါ၊ Demetrious Johnson ကိုတော့ ထိပ်ပိုင်းနေရာတွေမှာ တွေ့ရပါလိမ့်မယ်။ ESPN ၊ MMA Weekly နဲ့ Sherdog တို့လို သတင်းဌာနမှာရှိတဲ့ ဝါရင့်ကလောင်ရှင်တွေကို မေးကြည့်လိုက်ပါ၊ သူ့ကိုတော့ ကြီးကျယ်ခမ်းနားတဲ့ အားကစားသမားတွေထဲက တစ်ယောက်လို့ ချီးကျူးကြပါလိမ့်မယ်။ ဒါဆို ပြောမဆုံးပေါင် တောသုံးတောင် ဖြစ်နေတဲ့ သူ့အကြောင်းကို ပြောကြည့်ရအောင်။ [ဖတ်ရန် ကြာချိန် (၅) မိနစ်]
နာမည်အပြည့်အစုံက Demetrious Khrisna Johnson ပါ။ ၁၉၈၆ ခုနှစ် သြဂုတ်လ (၁၃) ရက်နေ့မှာ မွေးတယ်။ ငယ်ဘဝက အဆင်မပြေဘူး။ မိဘနှစ်ပါးက သူ လူမှန်းမသိတတ်ခင်မှာ ကွဲသွားကြတယ်။ အဲဒီတော့ နားမကြားတဲ့ မိခင်နဲ့ နှိပ်စက်တတ်တဲ့ ပထွေးရဲ့လက်ပေါ်မှာပဲ ကြီးပြင်းခဲ့ရတယ်။ သူ့မှာ အစ်မကြီးနဲ့ ညီအငယ်ရှိတယ်၊ မောင်နှမ (၃) ယောက်ပေါ့။ သူ့ဖခင်နဲ့ ပတ်သက်ပြီး " ကျွန်တော် အဖေ့ကို မမြင်ဖူးဘူး၊ ဓာတ်ပုံတောင် မမြင်ဖူးတာ။ ဖြူသလား၊ မဲသလားဆိုတာတောင် မသိပါဘူးဗျာ" လို့ နာနာကျင်ကျင် ဆိုရှာတယ်။
ကျောင်းမှာလည်း ခန္ဓာကိုယ်သေးတဲ့ Demetrious Johnson ကို အတန်းဖော်တွေက အနိုင်ကျင့်ကြတယ်။ လူက ညှပ်တဲ့အပြင် နားရွက်က ကားနေတော့ လှောင်စရာကို ဖြစ်နေတယ်။ ဖွံ့ဖြိုးတိုးတက်ပါတယ်ဆိုတဲ့ အမေရိကန်နိုင်ငံမှာတောင် Body Shaming က ရှိနေဆဲပါ။ လူတော့ လူပဲ၊ ဒါပေမယ့် အရွယ်အစားသေးတော့ လူ့နမူနာလေး။ သူက ခေသူမဟုတ်။ အားကစားမှာ ထူးချွန်တယ်။ အထူးသဖြင့် ဘောလုံးနဲ့ နပန်းမှာပေါ့။ သူ့လို အသွင်အပြင်ပိုင်းမှာ အားနည်းချက်ရှိသူအတွက် အားကစားက သူ့ဘဝရဲ့ ထွက်ပေါက်ပဲ။ အသက် (၁၃) နှစ်မှာ နပန်းကို စနစ်တကျ သင်ဖြစ်တယ်။ Washington High School မှာ အထက်တန်းအောင်တော့ Pierce Community College မှာ တက်ဖြစ်တယ်။ WIAA State Championships မှာ ဝင်ပြိုင်တော့ ဆုတွေ ဘာတွေတောင် ရသေး။ ကျောင်းသားဘဝမှာတော့ နပန်းပညာကို လိုက်စားရင်း အချိန်ကုန်သွားတာပေါ့။
Rashad Evans ပါဝင်တဲ့ TV Show ကို ကြည့်ရင်းနဲ့ MMA ကို စိတ်ဝင်စားလာတယ်။ ၂၀၀၅ ခုနှစ်မှာ MMA ကို စနစ်တကျ သင်ပေးနိုင်တဲ့ နေရာကို ရှာကြည့်တော့ AMC Pankration ကို သွားတွေ့တယ်။ အဲဒီမှာပဲ သေချာသင်ဖြစ်တယ်။ သူ့အတွက်က သိပ်မခက်ပါဘူး၊ နပန်းပညာကို ဟိုအရင်တည်းက လိုက်စားခဲ့တဲ့သူလေ။ ၂၀၀၇ ခုနှစ်မှာ ကြေးစားပွဲ စထိုးဖြစ်တယ်။ ပထမဆုံးပွဲက ပြိုင်ဘက်ကို အလဲထိုးနိုင်တယ်၊ ပွဲဦးထွက်လှတယ်ပေါ့။ သူ့အရပ်က (၅) ပေ (၃) လက်မပဲ ရှိတော့ Flyweight (၁၂၅ ပေါင်) တန်းမှာ အသင့်တော်ဆုံး၊ ဒါပေမယ့် သူ ထိုးတဲ့ Alaska Fighting Championships နဲ့ World Extreme Cagefighting (WEC) တွေမှာ Flyweight တန်းမရှိသေးတော့ Bantamweight (၁၃၅ ပေါင်) တန်းမှာပဲ ဝိတ်တင်ထိုးရတယ်။ သူ့ထက် အရပ်အမောင်းနဲ့ အလုံးအထည်ကြီးတဲ့ ပြိုင်ဘက်တွေကို အနိုင်ယူခဲ့တယ်။ အဲဒါကြောင့် Mighty Mouse ဆိုတဲ့ နာမည်ပြောင်ရလာတာ၊ ခန္ဓာကိုယ် သေးပေမယ့် စိတ်ဓာတ်ခွန်အား ကြီးမားသူပေါ့။
(၁၀) ပွဲဆက်တိုက် နိုင်ပွဲရတဲ့ Demetrious Johnson ကို WEC က ခေါ်လိုက်တယ်။ ၂၀၁၀ ခုနှစ် ဧပြီလ (၂၄) ရက်နေ့မှာ ဝါရင့် Brad Pickett နဲ့ ရင်ဆိုင်ရတာပါ။ Takedown တွေ ဆက်တိုက်မိပြီး အမှတ်နဲ့ ရှုံးသွားတယ်၊ သူ့ဘဝရဲ့ ပထမဆုံးရှုံးပွဲပေါ့။ အလုံးအထည်ချင်း ကွာတော့ အင်အားကွာနေတယ်၊ အားနဲ့ ယှဥ်လုံးလိုက်ရင် တိုင်ပတ်သွားတာ။ ဒါပေမယ့် Nick Pace နဲ့ Damacio Page တို့ကို ဆက်တိုက်အနိုင်ယူပြီး ပုံစံကောင်းတွေ ဆက်ထိန်းနိုင်ခဲ့တယ်။ ၂၀၁၁ ခုနှစ်မှာ မိခင်ကုမ္ပဏီ Zuffa က WEC နဲ့ UFC တို့ကို ပေါင်းလိုက်တော့ သူလည်း UFC ခေါင်းစဥ်အောက်မှာ ထိုးသတ်ရတော့တာပေါ့။ Norifumi Yamamoto နဲ့ Miguel Torres ကို အနိုင်ယူခဲ့ပြန်တယ်၊ နိုင်ပွဲဆက်နေတော့ UFC က သူ့ကို Title Shot ပေးလိုက်တယ်။ Dominick Cruz နဲ့ UFC Bantamweight Champion လုပွဲအတွက် ကစားရမှာပါ။ Takedown တွေကြောင့် ဒုက္ခရောက်ရတယ်၊ Rear Naked Choke ကြောင့် ပွဲသိမ်းပြီလို့ကို ထင်တာ။ အမှတ်ပေးဒိုင်တွေက Dominick Cruz ကိုပဲ အနိုင်ပေးလိုက်ကြတယ်။ သူ့အတွက်က ဒုတိယမြောက်ရှုံးပွဲဖြစ်သလို အတွေ့အကြုံကောင်းတွေ ရတယ်လို့ပဲ မြင်ရမှာပေါ့။
ဒါပေမယ့် Demetrious Johnson အတွက် သတင်းကောင်းတစ်ခုရှိတယ်၊ ၂၀၁၂ ခုနှစ်မှာ UFC က Flyweight (၁၂၅ ပေါင်) တန်းကို စလိုက်တာပဲ။ အကောင်းဆုံး (၄) ယောက်ကို Flyweight Tournament ပြိုင်ပွဲ ထိုးခိုင်းတယ်၊ UFC Flyweight Champion ရွေးဖို့ပေါ့။ Final မှာ Joseph Benavidez ကို အနိုင်ရပြီး ၂၀၁၂ ခုနှစ် စက်တင်ဘာလ (၂၂) ရက်နေ့မှာ UFC Flyweight Champion ဖြစ်လာတယ်ပေါ့။ သူ့ခန္ဓာကိုယ်နဲ့ အကိုက်ညီဆုံးဝိတ်တန်းမှာ ထိုးသတ်ရတော့ အလုံးအလည်ကွာမှာ ကြောက်စရာမလိုတော့ဘူးလေ။ John Dodson ၊ Kyoji Horiguchi ၊ Henry Cejudo ၊ Miguel Torres ၊ Norifumi Yamamoto တွေကို အနိုင်ယူပြီး ချန်ပီယံဘွဲ့ကို (၁၁) ကြိမ်အထိ ကာကွယ်နိုင်ခဲ့ပြီး Flyweight တန်းမှာ မင်းမူခဲ့တယ်။
၂၀၁၈ ခုနှစ် သြဂုတ်လ (၄) ရက်နေ့မှာ ကျင်းပတဲ့ UFC 227 မှာ Demetrious Johnson ဟာ Henry Cejudo နဲ့ ဒုတိယအကြိမ် ထိုးသတ်ဖို့ ဖြစ်လာတယ်။ ပထမအကြိမ်တုန်းမှာ သူက အလဲထိုးနဲ့ အနိုင်ယူခဲ့တာပါ။ UFC 227 မှာတော့ ဘတစ်ပြန် ကျားတစ်ပြန် တိုက်ခိုက်ကြပေမယ့် အမှတ်ပေးဒိုင်တွေက Henry Cejudo ကိုပဲ အနိုင်ပေးလိုက်တယ်။ ပွတ်ကာသီကာနဲ့ ကပ်နိုင်တဲ့ Split Decision ပါပဲ။ UFC Flyweight တန်းမှာ Demetrious Johnson ကပဲ ဗိုလ်လုပ်နေတော့ ဆွဲဆောင်မှုမရှိသလို ဖြစ်နေတယ်၊ ပြိုင်ဘက်တွေနဲ့ Level ကွာနေတာ။ အဲဒီတော့ သူကြီး Dana White က အဲဒီဝိတ်တန်းကို ဖြုတ်ပစ်ဖို့ စဥ်းစားနေတာ။ Henry Cejudo နဲ့ပွဲမှာ Demetrious Johnson ကို အနိုင်ပေးချင်ရင် ပေးလို့ရတဲ့ အနေအထားပါ။ ဒါပေမယ့် အထက်လူကြီးတွေကိုက သက်တော်ရှည် ချန်ပီယံကို ဖြုတ်ချချင်တာမို့ ရှုံးသွားတဲ့ သဘောပါ။ တကယ်ဆိုရင် အဲဒီပွဲဟာ UFC မှာ သူ့ရဲ့နောက်ဆုံးပွဲဆိုတာ ဘယ်သူသိနိုင်မှာလဲ။
]
