အကွက်ဆန်းတွေနဲ့ ဖျော်ဖြေခဲ့တဲ့ ဘောက်ဆင်မင်းသား Naseem "Prince" Hamed
Manny Pacquiao လိုလည်း မဲမဲမြင်ရာ ဝင်မထိုးဘူး၊ Floyd Mayweather လိုလည်း ပျင်းစရာကောင်းတဲ့ ကစားပုံလည်း မဟုတ်ဘူး။ ကစားကွက်လည်း လှသလို အကွက်ဆန်းတွေနဲ့ ပြိုင်ဘက်ကို အချဥ်ဖမ်းပြတဲ့ ဘောက်ဆင်ကဝေကို ပြပါဆိုရင် Naseem Hamed ကိုပဲ လက်ညှိုးထိုးပြရမှာပါ။ နာမည်ပြောင်က Prince တဲ့။ သူက ကြိုးဝိုင်းထဲကို ရှေ့ကျွမ်းထိုးပြီး ဝင်လာတတ်တယ်၊ တစ်ခါတလေ ကောဇောပျံနဲ့ ဝေါယာဥ်နဲ့လည်း လာသေးတယ်။ Halloween Mask တပ်ပြီး ကြိုးဝိုင်းထဲကို ဝင်သေး၊ လုပ်လိုက်ရင် အဆန်းကြီးပဲ။ သူက ခါးလှုပ်ပြီး ထိုးတာ၊ ပြီးတော့ ကသေးတယ်။ လန်း၊ မလန်းသိချင်ရင် ဒီမှာ https://bit.ly/2SYqsfG ကြည့်။ ကြိုးဝိုင်းထဲမှာ အကုန်လျှောက်လုပ်တာ၊ ဖျော်ဖြေရေးတော့ ဆန်သဗျ။ အကွက်ဆန်းတွေ လျှောက်လုပ်သလို အောင်မြင်မှုကလည်း မက်လောက်စရာပါ။ WBO ၊ IBF ၊ WBC နဲ့ IBO Featherweight Champion လေ။
Naseem Hamed ရဲ့အရပ်က (၅) ပေ (၄) လက်မခွဲပါ၊ Reach က (၆၄) လက်မတဲ့။ Bantamweight (၁၁၈ ပေါင်) ၊ Super-bantamweight (၁၂၂ ပေါင်)နဲ့ Featherweight (၁၂၆ ပေါင်) တန်းမှာ ဗိုလ်လုပ်နေတဲ့ ဆရာကြီး။ ၁၉၇၄ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှာ မွေးတယ်။ ကြေးစားဘဝကို ၁၉၉၂ ခုနှစ်မှာ စတင်တယ်။ သူ့ရဲ့ဖျော်ဖြေရေးဆန်တဲ့ ကစားဟန်၊ မှော်ဆန်တဲ့ ရွေ့လျားမှုတွေနဲ့ ပြင်းထန်တဲ့ ပါဝါလက်သီးတွေကြောင့် အချိန်တိုအတွင်း နာမည်ကြီးလာတာ။ ၁၉၉၄ ခုနှစ် မေလ (၁၁) ရက်နေ့မှာ Vincenzo Belcastro ကို အနိုင်ယူပြီး European Bantamweight Champion ဖြစ်လာတယ်။ သူ့ရဲ့အလန်းစား ထိုးကွက်တွေကို ဒီမှာ https://bit.ly/2zw4A4F ရှုစားပါ။
၁၉၉၅ ခုနှစ် စက်တင်ဘာလ (၃၀) ရက်နေ့မှာ Steve Robinson ကို အလဲထိုးပြီး WBO Featherweight Champion ဖြစ်လာခဲ့တယ်။ ချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်ခဲ့ပြီး ပရိသတ်တွေ ပါးစပ်ဖျားမှာ သူမှသူပါပဲ။ Naseem Hamed ဟာ အားကစားသမားဆိုတာထက် ပိုတယ်၊ ဖျော်ဖြေရေးသမား၊ အနုပညာရှင်လိုကို ဖြစ်နေတာ။ ဘောက်ဆင် ဝါသနာမပါတဲ့သူတွေတောင် သူ့ပွဲကို လာကြည့်ကြတယ်၊ ရုံပြည့်ရုံလျှံပဲ။ ၁၉၉၇ ခုနှစ် ဖေဖော်ဝါရီလ (၈) ရက်နေ့မှာ Tom Johnson ကို အလဲထိုးပြီး WBO နဲ့ IBF Featherweight Champion ဖြစ်လာတာပေါ့။ သူက ပွဲစဥ်အပေါ်မှာ ဖိအားမရှိဘဲ အကအခုန်နဲ့ ထိုးသတ်တတ်တယ်၊ အဲဒါက ပြိုင်ဘက်တွေအတွက် အာရုံထွေပြားစေတာပဲ။ ၁၉၉၉ ခုနှစ် အောက်တိုဘာလ (၂၂) ရက်နေ့မှာ César Soto ကို အနိုင်ယူပြီး WBO ၊ WBC နဲ့ Lineal Featherweight Champion ဖြစ်လာတယ်။ သူ့ဘဝရဲ့အအောင်မြင်ဆုံး အခိုက်အတန့်တွေပါ။ အလန်းစားစွမ်းဆောင်ရည်တွေကို ဒီမှာ https://bit.ly/3dBOjcV ရှုစားလိုက်ပါ။
၂၀၀၁ ခုနှစ် ဧပြီလ (၇) ရက်နေ့မှာ WBO Super Bantamweight Champion ဖြစ်တဲ့ Marco Antonio Barrera နဲ့ ထိုးသတ်ဖို့ ဖြစ်လာတယ်။ သူက ဝိတ်တင်ပြီး Naseem Hamed ကို စိန်ခေါ်ထိုးတာပါ။ IBO နဲ့ Lineal Featherweight Champion အတွက် ထိုးသတ်ကြမှာပါ။ ပေါက်ကြေးမှာ (၃) လေး (၁) အထိ ကွာဟပေမယ့် Naseem Hamed က အမှတ်နဲ့ ရှုံးသွားတယ်။ ဒီပွဲက Biggest Upsets in Boxing History လို့ ဆိုရမယ်။ သူ့ဘဝရဲ့ ပထမဆုံးနဲ့ နောက်ဆုံးရှုံးပွဲလို့ ဆိုရမှာဖြစ်သလို (၅) နှစ်တာ အုပ်စိုးခဲ့တဲ့ Featherweight Champion ဘွဲ့ကို စွန့်လွှတ်ရတဲ့ နေ့ပါပဲ။
Marco Antonio Barrera ကို ရှုံးနိမ့်ပြီးနောက်မှာ Naseem Hamed ဟာ အားနည်းချက်တွေကို သေချာပြင်ဆင်တယ်။ ကြိုးဝိုင်းနဲ့ (၁၃) လလောက် ဝေးသွားတယ်။ သူ့ပရိသတ်တွေက မျှော်နေတာပေါ့။ European Featherweight Champion ဖြစ်တဲ့ Manuel Calvo နဲ့ IBO Featherweight Champion လုပွဲအတွက် ယှဥ်ပြိုင်ကြတာပါ။ လက်ရည်အသာနဲ့ ကစားသွားပြီး သူဟာ တကယ့်ချန်ပီယံဆိုတာ ပြသသွားပါတယ်။ ကမ္ဘာတလွှားမှာ ကြည့်ရှုနေတဲ့ ပရိသတ် (၁၁) သန်းက ဘယ်သိပါ့မလဲ၊ ဒီပွဲဟာ Naseem "Prince" Hamed ရဲ့နောက်ဆုံးပွဲ ဖြစ်မယ်ဆိုတာ။ ဒီပွဲပြီးတော့ သူ အနားယူသွားပါပြီ။ သူ့အသက်က (၂၈) နှစ်ပဲ ရှိပါသေးတယ်၊ ဆန္ဒရှိရင် ဆက်ကစားလို့ ရတဲ့ အရွယ်ပါ။ အနားယူကြောင်း တရားဝင်ကြေညာတာမျိုး မရှိပေမယ့် ပရိသတ်တွေက Naseem Hamed ကြိုးဝိုင်းထဲကို ပြန်ဝင်လာမယ့် အချိန်ကို နှစ်ပေါင်းများစွာ စောင့်ကြတယ်။ သူကတော့ လုံးဝကို ကျောခိုင်းသွားတာပါ။ သူ့ရဲ့လက်ဟာ မကြာခဏ ဒဏ်ရာရပြီး ခွဲစိတ်ရတာကြောင့် ရေရှည်မှာ နာတာရှည်ဖြစ်လာတဲ့အတွက် အရွယ်မတိုင်ခင်မှာ အနားယူလိုက်တာပါတဲ့။
Naseem "Prince" Hamed က (၃၇) ပွဲ ထိုးသတ်ခဲ့ပြီး (၃၆) ပွဲနိုင် (၁) ပွဲရှုံးပါ။ (၃၁) ပွဲအထိ အလဲထိုးနိုင်ထားတာ။ သူ ကစားတာ တအားလှတယ်၊ ဘယ်လက်သီးတစ်ချက်က ထိတာနဲ့ အမှောက်ပဲ။ ဆီပူထဲ အကြော်ခံရမှ ငရဲမဟုတ်ဖူး၊ သူနဲ့ ထိုးရတာ ဒုက္ခတစ်မျိုးပဲ ဘယ်လက်သီးတစ်လုံးက ဆွေမျိုးမေ့တာကိုး။ ပြိုင်ဘက်နာမည်က မကြေညာရသေးဘူး၊ Naseem Hamed ထိုးမယ်ဆိုကတည်းက ရုံလက်မှတ်တွေ ကုန်သွားတာတဲ့။ သူက အဲလောက်ထိကို ပရိသတ်များတာ။ စွမ်းဆောင်ရည်ကောင်း၊ ဖျော်ဖြေရေးလည်း ဆန်တော့ သူက "Global Super Star" ပါ။ သူ့ရဲ့ Fighting Style နဲ့ Ring Walk ကိုက ဆွဲဆောင်မှုရှိတာ။ သူ့ခေတ်မှာ ဝင်ငွေတအားကောင်းခဲ့တယ်၊ သူက အသုံးအဖြုန်းမကြီးဘဲ လိမ္မာတယ်လို့ ဆိုရမယ်။ အသားတင်ကြွယ်ဝမှု ဒေါ်လာ (၃၃) သန်းအထိကို ချမ်းသာတယ်။ သူ့အကြောင်းကို Sky Sports Boxing က Prince Naseem Hamed နာမည်နဲ့ Documentary ရိုက်ဖူးတယ်။ ဒီမှာ https://bit.ly/2zrdfoR ကြည့်ပါ။ အခုတော့ သူလည်း လေ့ကျင့်ခန်းမလုပ်တာနဲ့ လူဝကြီး ဖြစ်နေပါပြီ။ ဒီလောက်ဆို အချစ်တော် Naseem "Prince" Hamed ရဲ့ အကြောင်းကို သိလောက်ပြီထင်ပါတယ်။

