#ယနေ့ထုတ်သတင်းစာ_နိုင်ငံတကာသတင်း
◼ လေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ထပ်မံပြုတ်ကျပြန်
အမေရိကန်ရေတပ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ တိုက်လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ ထပ်မံပြုတ်ကျခဲ့ကြောင်း အမေရိကန်အစိုးရ တာဝန်ရှိသူများက မေ ၆ ရက်တွင် ထုတ်ဖော်ပြောကြားထားသည်။
အဆိုပါတိုက်လေယာဉ်သည် ယူအက်စ်အက်စ်ဟာရီထရူးမင်း လေယာဉ်တင်သင်္ဘောပေါ်မှ ပင်လယ်နီရေပြင်အတွင်းသို့ ပြုတ်ကျခဲ့ရသော ဒုတိယမြောက် အက်ဖ်-၁၈ တိုက်လေယာဉ်ဖြစ်သည်။
၎င်းတိုက်လေယာဉ်သည် လေယာဉ်တင်သင်္ဘောပေါ်သို့ ပြန်လည်ဆင်းသက်စဉ် သေသေသပ်သပ်ရပ်တန့်နိုင်မှုမရှိခဲ့ဘဲ ပင်လယ်နီရေပြင်အတွင်းသို့ ထိုးကျခဲ့ခြင်းဖြစ်ပြီး လေယာဉ်မှူးနှစ်ဦးမှာ လေယာဉ်မထိုးကျမီ ခုန်ထွက်နိုင်ခဲ့ကြောင်း အမေရိကန်တာဝန်ရှိသူများက ပြောကြားထားသည်။
လွန်ခဲ့သည့် သီတင်းပတ်ကလည်း ဟူသီအုပ်စုတိုက်ခိုက်မှုတစ်ရပ်ကို ရှောင်ရှားရန်ချိုးကွေ့မောင်းနှင်နေစဉ် ယူအက်စ်အက်စ်ဟာရီထရူးမင်းလေယာဉ်တင်သင်္ဘောပေါ်မှ အက်ဖ်-၁၈ လေယာဉ်တစ်စင်း ပင်လယ်နီရေပြင်အတွင်းသို့ပြုတ်ကျခဲ့ရသည်။
အက်ဖ်-၁၈ တိုက်လေယာဉ်များသည် တန်ဖိုးအားဖြင့်တစ်စင်းလျှင် အမေရိကန်ဒေါ်လာ သန်း ၆ဝ အထက်ရှိသည့် တိုက်လေယာဉ်များဖြစ်သည်။
ရိုက်တာ
