#နိုင်ငံတကာသတင်း
◼ အိန္ဒိယ-ပါကစ္စတန်တိုက်ခိုက်မှုကြောင့် အာရှလေကြောင်းများ လမ်းကြောင်းပြောင်းခြင်း၊ ခရီးစဉ်ဖျက်သိမ်းခြင်းများပြုလုပ်နေရ
အိန္ဒိယနှင့်ပါကစ္စတန်ကြားက တိုက်ခိုက်မှုများကြောင့် ဥရောပသို့ အသွား အပြန် လေယာဉ်ခရီးစဉ်များအား လမ်းကြောင်းပြောင်းခြင်း သို့မဟုတ် ခရီးစဉ်ဖျက်သိမ်းရခြင်းများ လုပ်ဆောင်နေရကြောင်း အာရှလေကြောင်းလိုင်းအများအပြားက ပြောကြားကြသည်။
နျူကလီးယားလက်နက်ပိုင်ဆိုင်သော တောင်အာရှရန်ဘက်နှစ်နိုင်ငံကြား နှစ်ပေါင်း နှစ်ဆယ်ကျော်ကာလအတွင်း အဆိုးရွားဆုံးဖြစ်သော တိုက်ခိုက်မှုတွင် အိန္ဒိယက ပါကစ္စတန်နှင့် ပါကစ္စတန်ဘက်ခြမ်းကက်ရှ်မီးယားဒေသကို တိုက်ခိုက်ခဲ့ပြီး အိန္ဒိယတိုက်လေယာဉ် ငါးစင်းကို ပစ်ချလိုက်ကြောင်း ပါကစ္စတန်က ပြောကြားသည်။
ပါကစ္စတန် ဝေဟင်ပိုင်နက်အား ရှောင်ရှားရန် နိုင်ငံတကာလေကြောင်း ခရီးစဉ် နှစ်ဒါဇင်ကျော်ကို လမ်းကြောင်းပြောင်းခဲ့ရသည်။
ဒေသစံတော်ချိန် ယနေ့ နံနက်ပိုင်းအထိ လေကြောင်းလိုင်းများက ပါကစ္စတန်သို့ အဝင် ၊ အထွက် လေယာဉ်ခရီးစဉ် ၅၂ ခုကို ဖျက်သိမ်းလိုက်ကြောင်း FlightRadar24 ဝက်ဘ်ဆိုက် စာရင်းအရ သိရသည်။
အိန္ဒိယက တိုက်ခိုက်မှုစတင်ချိန်တွင် ပါကစ္စတန် လေကြောင်းပိုင်နက်တွင် နိုင်ငံတကာပျံသန်းမှုပေါင်း ၅၇ ခု ရှိခဲ့ကြောင်း ပါကစ္စတန်စစ်ဘက်ပြောခွင့်ရသူ က ဆိုသည်။
နှစ်ဖက်စလုံးမှ ပြည်တွင်းခရီးစဉ်များလည်း ပြတ်တောက်ခဲ့သည်။ အိန္ဒိယနိုင်ငံက လေဆိပ်အများအပြားကို ပိတ်ထားခဲ့ခြင်းကြောင့် အိန္ဒိယပြည်တွင်းလေကြောင်းများ ဖြစ်သည့် Air India, IndiGo, SpiceJet နှင့် Akasa Air တို့၏ ခရီစဉ်များအား ဖျက်သိမ်းခဲ့ရသည်။
လေကြောင်းလိုင်းများ၏ ခရီးစဉ်အပြောင်းအလဲများသည် အရှေ့အလယ်ပိုင်းနှင့် တောင်အာရှဒေသနှစ်ခုစလုံးမှ ပဋိပက္ခများကြောင့် အဆင်မပြေမှုများနှင့် အခက်တွေ့နေသော လေကြောင်းများအတွက် ရှုပ်ထွေးမှုများ ပိုမိုဖြစ်ပေါ်လာစေခဲ့သည်။
အိန္ဒိယနှင့် ပါကစ္စတန်ကြား တိုက်ခိုက်မှုများကြောင့် ထိခိုက်ခဲ့သော လေပိုင်နက်များကို ရှောင်ရှားနိုင်ရန် ဥရောပသို့ အသွား အပြန် လမ်းကြောင်းများကို လုံခြုံရေးကို အကြောင်းပြု၍ ပြင်ဆင်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်မှ EVA Air လေကြောင်းက ပြောသည်။
ဗီယင်နာမြို့မှ ထွက်လာသော ခရီးစဉ်တစ်ခုအား ယင်းမြို့သို့ ပြန်လှည့်သွားခိုင်းခဲ့ပြီး တိုင်ပေမှ မီလန်မြို့သို့ ခရီးစဉ်အား ခရီးမဆက်မီ ဆီဖြည့်ထားရန် ဗီယင်နာမြို့သို့ လမ်းညွှန်ခဲ့ကြောင်း ယင်းလေကြောင်းက ပြောသည်။
ထို့အတူဆိုးလ်မြို့မှ ဒူဘိုင်းသို့ သွားရောက်သည့် ခရီးစဉ်များကို ယခင် ပါကစ္စတန်ကို ဖြတ်သန်းသည့် လမ်းကြောင်းမှ တောင်ဘက်ပိုကျသော မြန်မာ ၊ ဘင်္ဂလာဒေ့ရှ် ၊ အိန္ဒိယ ဆီသို့ လမ်းကြောင်းပြောင်းထားကြောင်း ကိုရီးယားလေကြောင်း က ပြောသည်။
ဥရောပနှင့်တောင်အာရှခရီးစဉ်များအား ဗုဒ္ဒဟူးနေ့နံနက်မှစ၍ လမ်းကြောင်းများ ပြောင်းထားကြောင်း ထိုင်းလေကြောင်း Thai Airways ကလည်းပြောကြားသည်။
အိန္ဒိယ-ပါကစ္စတန် တိုက်ခိုက်မှုများကြောင်း ၎င်းတို့၏ ခရီးစဉ်အစီအစဉ်များ ထိခိုက်ခဲ့ကြောင်း ဗီယက်နမ်လေကြောင်း Vietnam Airlines ကလည်း ပြောကြားသည်။
သတင်း-ရဲမင်း
ကိုးကား-Reuters
