ပဲကောက်ညှင်း ဆွမ်းမွှေးပြန်ပေါင်း
ငှက်ပျောရွက်ရှိရင် ငှက်ပျောရွက်နဲ့ ပေါင်းနိူင်သလို မာမာကတော့ ဆွမ်းမွှေးရွက်တွေ ရှိနေတာနဲ့ ဆွမ်းမွှေးရွက်လေးတွေရယ် အုန်းသီးဖတ်လေးတွေရယ်နဲ့ ပေါင်းတဲ့အတွက် အရမ်းကို စားလို့ကောင်းလွန်းလို့ ကောက်ညှင်းပြန်ပေါင်း ပေါင်းနည်းလေး မျှဝေလိုက်ပါတယ်။
ပါ၀င်ပစ္စည်းများ
ကောက်ညှင်းဆန် - ၃ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
ကုလားပဲခြမ်း - ၁ ဗူး (ထမင်းပေါင်းအိုး ဆန်ချင်ဗူး)
ဆား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
သကြား - လက်ဖက်ရည်ဇွန်း ၁ ဇွန်း
ဆီ - ထမင်းစားဇွန်း ၂ ဇွန်း ခွဲ
အုန်းသီးခြစ်ပြီးသား - မိမိနှစ်သက်သလောက်
ဆွမ်းမွှေးရွက် - ၂ရွက်
ငါးခြောက် - မိမိနှစ်သက်သလောက်
ပဲဆီစိမ်း - လိုသလောက် (ငါးခြောက်ဆီစိမ်ရန်)
ပြင်ဆင်ပုံ
ကောက်ညှင်းဆန်ကို ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ရေ၉နာရီခန့် ရေစိမ်ထားပါ
ကုလားပဲခြမ်းကိုလဲ ဇလုံတလုံးထဲမှာထည့်ပြီး ရေမြုပ်အောင်ထည့်ကာ ၉နာရီခန့် ရေစိမ်ထားပါ
အုန်းသီးခြစ်ပြီးသားကို ပြင်ထားပါ (မာမာကတော့ အုန်းသီးမှုန့် အခြောက်ကို သုံးပါတယ်)
ဆွမ်းမွှေးရွက်ကို ရေဆေးပြီး ထက်ဝက်ပိုင်းထားပါ
ပါ၀င်ပစ္စည်းများကို ပြင်ထားပါ
ငါးခြောက်ကို ပဲဆီစိမ်းနှင့် စိမ်ထားပါ
ရေစိမ်ထားသော ကောက်ညှင်းဆန်ကို ရေနှင့် ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ထားပေးပါ
ရေစိမ်ထားသော ကုလားပဲခြမ်းကိုလဲ ရေနှင့်ခပ်ဖွဖွ နယ်ဆေးကာ ရေများသွန်ပြီး ရေစစ်ပေးပါ
အားလုံး အဆင်သင့် ဖြစ်တာနဲ့ ထမင်းပေါင်းအိုးထဲကို ရေစစ်ထားသော ကောက်ညှင်းဆန် ကုလားပဲ သကြား ဆီ ဆားနှင့် ရေ ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူးခွဲတို့ကို ထည့်ပေးပြီး သမအောင် မွှေပေးပါ
အားလုံး သမသွားတာနဲ့ ပေါင်းအိုးခလုတ်ကို နှိပ်ပေးပြီး ထမင်းချက်သလို ချက်ပေးပါ
မာမာကတော့ ၄၅မိနစ်ကြာတဲ့ ခလုတ်ကိုနှိပ်ပြီး ချက်ပါတယ်
မိမိအိမ်မှာရှိတဲ့ ထမင်းပေါင်းအိုးနဲ့ အဆင်ပြေသလို ချက်နိူင်ပါတယ်
၄၅မိနစ်ပြည့်လို့ ကောက်ညှင်းကျက်တာနဲ့ အုန်းသီးဖတ်များကို ကောက်ညှင်းအပေါ်မှာ ဖြူးပေးပါ
ပြီးတာနဲ့ ဆွမ်းမွှေးရွက်ကို အုန်းသီးဖတ်အပေါ်မှ စီပြီးအုပ်ပေးကာ ထမင်းပေါင်းအိုးကို ပြန်ဖုံးပြီး ၈မိနစ်မှ ၁၀မိနစ်ခန့်နှပ်ထားပေးပါ
ဆွမ်းမွှေးရွက်အနံ့လေးနှင့် အုန်းသီးအနံ့လေးပါ မွှေးနေတဲ့ ကောက်ညှင်း ပြန်ပေါင်းလေးကို ဒီအတိုင်း အစိမ့်လေးဘဲစားစား ငါးခြောက်ဆီစိမ်လေးနဲ့ဘဲစားစား မိမိနှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။
မာမာကတော့ ငါးခြောက်ကို ပဲဆီစိမ်း စိမ်ထားတာနဲ့ တွဲဖက်ပြီး စားပါတယ်။
Credit
