ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်၍ ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာကျင်းပမည်
****************
(ပြည်တွင်း) မေ ၇
ရွှေတိဂုံစေတီတော်မြတ်ကြီးကို လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပြီးဖြစ်တာကြောင့် ဗုဒ္ဓါဘိသေက အနေကဇာတင်နှင့် ရေစက်ချအလှူတော်မင်္ဂလာကို မေလ ၁၅ ရက်မှာ ဆင်ယင်ကျင်းပသွားမယ်လို့ စေတီတော်မြတ် ကြီး၏ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံမှ သိရပါတယ်။
အဆိုပါမင်္ဂလာအခမ်းအနားများကို မေလ ၁၅ ရက်နံနက် ၇ နာရီခွဲမှစတင်ကာ ရွှေတိဂုံစေတီတော်မြတ်ကြီး၏ ရင်ပြင်မြောက်ဘက်မုခ် ရာဟုထောင့်အောင်မြေနေရာမှာ ကျင်းပပြုလုပ် သွားမည်ဖြစ်၍ ရွှေသင်္ကန်းအလှူရှင်များ တက်ရောက်ကြရန်လည်း ဖိတ်ကြားထားကြောင်း သိရပါတယ်။
ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ခြင်းလုပ်ငန်းအဖြစ် ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၈ ရက်မှစတင်ကာဆောင်ရွက်ခဲ့ပြီးနောက် ၂၀၂၅ ခုနှစ်၊ မတ်လ ၃၁ ရက်တွင် အောင်မြင်စွာ ဆောင်ရွက်ပြီးစီးခဲ့ကြောင်း သိရပါတယ်။
