Chungking Express ဟာ ဇာတ်လမ်း ၂ ပုဒ်ပါတဲ့ရုပ်ရှင်ကားတစ်ကားဖြစ်တယ်။ ဒါတော့ အများသိပြီးသားပါပဲ။ ပထမတစ်ပုဒ်က ဟောင်ကောင်ရဲ့ကြမ်းတမ်းခက်ထန်တဲ့ဒေသတစ်ခုမှာ ဇာတ်လမ်းတည်ထားပြီး ညဖက်ကိုပြတယ်။ နောက်တစ်ပုဒ်က ဟောင်ကောင်ကျွန်းလို့ခေါ်တဲ့ မော်ဒန်ဆန်တဲ့ဒေသဖက်မှာဇာတ်လမ်းတည်ပြီး နေ့အလင်းရောင်ရှိချိန်တွေကို ပြတယ်။ ဟောင်ကောင်ကျွန်းကို ဝမ်ကာဝေက ငယ်ရွယ်နုပျိုတဲ့အငွေ့အသက်တွေပြည့်နှက်နေပြီး Soho နဲ့တူတယ်လို့ပြောဖူးတယ်။ (လန်ဒန်က Soho လား၊ မန်ဟက်တန်က Soho လားတော့ သေချာမသဲကွဲဘူး) အပေါ်မှာပြောခဲ့သလိုပဲ ဒီရုပ်ရှင်ကိုဖန်တီးနေတဲ့အချိန်ကာလမှာ ဟောင်ကောင်ပြည်သူတွေစိတ်ထဲမှာက သူတို့ကိုယ်သူတို့ စွန့်ပယ်ခံရတော့မယ်၊ တခြားလူဆီ အပ်ခံရတော့မယ်ဆိုတဲ့ ခံစားချက်ရှိနေခဲ့တယ်။ ဒီတော့ ဝမ်ကာဝေက အရာအားလုံးမပြောင်းလဲသွားခင် “အရင်ကဟောင်ကောင်” အငွေ့အသက်ကို ဖမ်းဆုပ်ပြချင်ခဲ့တယ်။ ဒါ့အပြင် “ပြောင်းလဲသွားခဲ့ရင်” ဆိုတဲ့အယူအဆကိုလည်း တင်ဆက်ပြချင်တယ်။ ဒီတော့ အချိန်ကုန်တော့မှာကို စိတ်ထဲစွဲလမ်းနေတဲ့ဟောင်ကောင်မြို့ကြီးလိုပဲ Chungking Express ဟာလည်း သက်တမ်းကုန်ဆုံးရက်အပေါ် စိတ်စွဲနေတဲ့ လူတစ်ယောက်နဲ့ ရုပ်ရှင်ကိုစဖွင့်ခဲ့တယ်။ ဧပရယ်လ်ဖူးနေ့မှာ ရည်းစားနဲ့ပြတ်သွားတဲ့ ရဲတစ်ယောက်။ တစ်လအကြာ မေ ၁ ရက်နေ့မှာတော့ သူပြန်လာမှာပဲလေလို့ မှတ်ယူပြီး အဲ့ဒီနေ့မှာ သက်တမ်းကုန်မယ့် နာနတ်သီးစည်သွပ်ဘူးတွေ နေ့တိုင်းဝယ်သိမ်းနေတဲ့လူပေါ့။ မေ ၁ ရက်နေ့မရောက်ခင် နောက်ဆုံးညမှာ သူက စကားတစ်ခွန်းကို ရေရွတ်ခဲ့တယ်။ “ဘူးမှာပတ်ထားတဲ့ ပလက်စတစ်တောင် သက်တမ်းကုန်သေးတာပဲ။ ဒီကမ္ဘာမှာ သက်တမ်းမကုန်ဆုံးတဲ့အရာရှိရဲ့လား” တဲ့။
အဲ့ဒီအချိန်မှာ ဟောင်ကောင်ပြည်သူအတော်များများက နေရပ်ကိုစွန့်ခွာပြီး အခြားနိုင်ငံတွေကို အပြီးပြောင်းသွားကြတယ်။ ကျန်ရစ်နေခဲ့သူတွေကလည်း နောက် ၃ နှစ်အကြာမှာ ဒီမြို့ကြီး ဘာတွေပြောင်းလဲသွားမလဲဆိုတာ တွေးပူပြီး စိုးရိမ်ကြောင့်ကြနေကြတာပေါ့။ ရဲသားအတွက် မေလ ၁ ရက်နေ့ဟာ သက်တမ်းကုန်ဆုံးရက်ဆိုရင် ဟောင်ကောင်မြို့ကြီးအတွက် ၁၉၉၇ ခုနှစ်ဟာ သက်တမ်းကုန်ဆုံးရက်ပဲ။ ဒါကို ဝမ်ကာဝေက မှောင်မိုက်နေတဲ့ညဖက်ခြမ်းနဲ့ ပုံဖော်ပြတယ်။ ရုပ်ရှင်တစ်ဝက်ရောက်တဲ့အခါမှာတော့ ဇာတ်လမ်းနောက်တစ်ပုဒ်ကို ကူးပြောင်းသွားပြီး နေ့အလင်းရောင်စတင်ဝင်ရောက်လာခဲ့တယ်။
စားသောက်ဆိုင်ဝန်ထမ်းမိန်းကလေးတစ်ယောက်။
နာမည်က Faye။
သရုပ်ဆောင်သူက အဆိုတော် Faye Wong။
ဒီဇာတ်လမ်းကတော့ ဟောင်ကောင်ကနေ အနောက်နိုင်ငံကိုထွက်ခွာမယ့်စိတ်ကူးတွေကို အခြေခံထားတယ်။ ဇာတ်ဝင်ခန်းအတော်များများမှာ The Mamas & the Papas ရဲ့ California Dreaming သီချင်းက လွှမ်းခြုံထားတယ်။ တကယ့်အပြင်က Faye Wong လိုပဲ ရုပ်ရှင်ထဲက Faye ကလည်း အနောက်နိုင်ငံကိုသွားဖြစ်ခဲ့တယ်။ အပြောင်းအလဲလုပ်ဖို့ရွေးချယ်ခဲ့တယ်ပေါ့။ ဟောင်ကောင်ပြန်အလည်ရောက်လာချိန်မှာ သူကြိတ်သဘောကျခဲ့ရတဲ့ Tony Leung ဇာတ်ကောင်နဲ့ဆုံတယ်။ Faye က “ရှင်ဘယ်သွားချင်လဲ” တဲ့။ Tony Leung က “မင်းခေါ်သွားချင်တဲ့နေရာကိုပေါ့” လို့ဖြေတယ်။ သူတို့ဘယ်ကိုသွားကြလဲ။ ဒါကို အဖြေပေးမယ့်အစား ဝမ်ကာဝေက ရုပ်ရှင်ကို ကန့်လန့်ကာချလိုက်ပြီး အိပ်မက်တွေ၊ စိတ်ကူးတွေအကြောင်း သီချင်းတစ်ပုဒ်ကို စဖွင့်ပေးလိုက်တယ်။ Faye Wong ပြန်ဆိုထားတဲ့ The Cranberries ရဲ့ Dreams သီချင်းပါ။
Faye Wong ရဲ့ဗားရှင်းမှာတော့ ဒီသီချင်းကို “Dream Lover” လို့ခေါ်တယ်။ “စိတ်ကူးယဥ်ရတာ/အိပ်မက်မက်ရတာကြိုက်သူ” ပေါ့။ ဒီသီချင်းမှာ သံစဥ်က ခပ်ဆင်ဆင်ပဲဆိုပေမယ့် စာသားကတော့ သူစိမ်းတစ်ယောက်ကို အကြာကြီးစောင့်မျှော်ခဲ့ရတဲ့အနမ်းခြွေဖို့ စိတ်ကူးယဥ်တွေးတောနေသူတစ်ယောက်အကြောင်းဖြစ်သွားတယ်။ ဒီသီချင်းဟာ သူစိမ်းဖြစ်သူ Tony Leung ကို Faye က ဆိုပြတဲ့သီချင်းသက်သက်မဟုတ်ခဲ့ဘူး။ မြို့ကြီးတစ်မြို့က သူနဲ့ပတ်သက်ရတော့မယ့် သူစိမ်းနိုင်ငံတစ်နိုင်ငံကို ဆိုပြနေတဲ့သီချင်းတစ်ပုဒ်လည်းဟုတ်တယ်။ အကောင်းဖက်ကို မျှော်လင့်ပြီး ဆိုပြနေတဲ့သီချင်းပေါ့လေ။ Chungking Express ရုပ်ရှင်မှာ အနာဂတ် ဟောင်ကောင်မြို့ကြီး ဘာဆက်ဖြစ်မယ်ဆိုတဲ့ တိတိကျကျအဖြေမရှိဘူး။ ဒါပေမယ့် “ဘာဆက်ဖြစ်မလဲ” ဆိုတဲ့မေးခွန်းအပေါ် အကောင်းဖက်ကနေမြင်တဲ့ခံစားချက်နဲ့ အဆုံးသတ်ထားတာကိုတော့ တွေ့ရတယ်။ Dream Lover သီချင်းက သက်သေပဲမဟုတ်လား။
